ကရင်ဒုံးအက ပညာရပ်များကို လေ့လာကျမ်းပြုစု အနုပညာတက္ကသိုလ်၌ သင်ကြားနိုင်ရေး ဦးဆောင်ပြုလုပ်ခဲ့သူ ဒုံးဆရာ စောမြင့်သူနှင့် မေးမြန်းချက်
“ရိုးရာအစစ်အမှန်၊ ရိုးရာဟန်မပျောက်အောင် တက္ကသိုလ်အဆင့်မှာ ခိုင်ခိုင်မာမာ ထားရစ်၊ မှတ်တမ်း တင်ချင်လို့ လုပ်တဲ့ သဘောဖြစ်တယ်” ဒုံးပညာရှင် စောမြင့်သူ (ဖားအံ)
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကရင်ဒုံးမေဂျာ ဘာသာရပ်စတင်သင်ကြားနေပြီးဖြစ်သည်။ ထိုသို့ သင်ကြားနိုင်ရန် ဦးဆောင်ကမကထ ပြုခဲ့သူမှာ ဇန်နဝါရီလ ၂၉ရက် (ယမန်နေ့) ညတွင် ကွယ်လွန်ခဲ့သော ဝါရင့်ဒုံး ဆရာတစ်ဦးဖြစ်သူ စောမြင့်သူ (ဖားအံ)လည်း တစ်ဦးအပါအဝင် ဖြစ်သည်။
ဒုံးဆိုင်ရာ ကျမ်းပြုပြီး အဆိုပါ တက္ကသိုလ်၌ ဂုဏ်ထူးဆောင် ဝိဇ္ဇာပွဲ ချီးမြှင့်ခံရသူ ဆရာစောမြင့်သူနှင့် ယခုလအစောပိုင်းက ဆက်သွယ်မေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ ယဉ်ကျေးမှု တက္ကသိုလ်ရန်ကုန်မှာ ကရင်ဒုံးအက မေဂျာနဲ့ ပတ်သက်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲတာနဲ့ သင်ကြားနေတာရှိပြီးလို့ ကြားရတယ်။ ဘယ်လို အခြေအနေမျိုး ရှိနေပြီးလဲဆိုတာ ကနဦး ပြောပြပေးပါ။
ဖြေ။ ။ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ် ရန်ကုန်မှာ ကရင်ဒုံးမေဂျာနဲ့ သင်ရိုးညွှန်းတမ်းဆွဲပြီး ဒီပညာနှစ်ကစပြီး စတင်သင်နေပါပြီး။ သင်ရိုးညွှန်းတမ်းကတော့ သင်ရင်းဆွဲရင်းပေါ့။ ရန်ကုန်မှာတော့ ကရင်၊ မွန်၊ ရခိုင် ၃မျိုးရှိတယ်။ နောက် ၄ နှစ်ဆိုရင်တော့ ကရင်ရိုးရာဒုံးအကနဲ့ ဘွဲ့ယူလို့ရပါပြီး။ အခုချိန်မှာလည်း သူတို့ဘွဲ့ယူဖို့ ကျမ်းပြုစုတဲ့အခါ ကရင်နဲ့ဆိုင်တဲ့ကျမ်းတွေနဲ့ယူတယ်။ သဘင်ဘွဲ့ပဲဖြစ်ဖြစ်၊ ဂီတဘွဲ့ပဲဖြစ်ဖြစ် ကရင်ကျမ်းနဲ့ပဲ ယူကြတာတွေရှိတယ်။
ကရင်ကျမ်းဆိုတာက မောင်ယို့ဒုံးအကနဲ့ ကျမ်းတင်ပြီးဘွဲ့ယူတဲ့လူရှိတယ်။ ‘ဖဝ်သးခွါ့ယှာ. ’ (လူပျိုကြီးဒုံး)နဲ့ ဘွဲ့ယူတဲ့လူလည်းရှိသလို ကျွဲဒုံး၊ ၁၂ လရာသီဒုံးနဲ့တင်တာရှိတယ်။ နောက်ဆုံးနှစ်မှာက ကျမ်းတင်ရတာကိုး။ နောက်ပြီး မဟာတန်းမှာ ဘွဲ့ယူတာ တစ်ယောက်ရှိတယ်။ အများအားဖြင့် ကရင်ရိုးရာဒုံးအကနဲ့ပတ်သက်ပြီး ကျမ်းတွေတင်ပြီး ဘွဲ့ယူကြတယ်။ သဘင်ဖြစ်ဖြစ် ဂီတဖြစ်ဖြစ်ပေါ့။
မေး။ ။ ယဉ်ကျေးမှုတက္ကသိုလ်မှာ အရင်တုန်းက ကရင်ဒုံးအကနဲ့ ပတ်သက်ပြီး သင်တာတွေ ရှိခဲ့ဖူးလား။ အခြေအနေ ပြောပြပါဦး။
ဖြေ။ ။ ဒုံးနဲ့ပတ်သက်ပြီး သင်တာမရှိဘူး၊ အခုမှ ကျနော်နဲ့ ဆရာစောဝဏ္ဏထွန်းတို့က ကြိုးစားပြီးလုပ်ဆောင် နေတာပါ။ ဘယ်သူမှလည်း ကျနော်တို့ကို ကူညီတာမရှိဘူး။ ကိုယ့်ဝါသနာကို အရင်းခံပြီး နှစ် ယောက် သားကြိုးစားပြီး တဖြည်းဖြည်းလုပ်သွားတာ ဖြစ်တယ်။ ဘယ်အဖွဲ့အစည်း၊ အဘယ်စိုးရ ဘယ်သူဌေးမှလည်း ကျနော်တို့ကို မထောက်ပံ့ပါဘူး။ ကိုယ့်ရဲ့ရိုးရာအက ဒီတက္ကသိုလ်အဆင့်မှာ သမိုင်းတစ်ခုကျန်အောင်လို့ ကိုယ့်ဝါသနာနဲ့ကိုယ် ကြိုးစားတဲ့သဘောပဲ။
အခု ပညာသင်နှစ် ပထမနှစ်မှာတော့ စတင်ပြီး နောက် ၄ နှစ်ဆိုရင်တော့ မေဂျာဘာသာ ကရင်ဒုံးနဲ့ ဘွဲ့ယူမယ် ပေါ့။ ဒီနှစ်ဘွဲ့ယူတဲ့လူတွေကတော့ ခုနကပြောသလို သဘင်၊ ဂီတမေဂျာနဲ့ ဘွဲ့ယူတယ်။ နောက်ဆုံးနှစ် ကျမ်းကို တော့ ကရင်ရိုးရာ ဒုံးအကနဲ့ပတ်သက်တဲ့ ကျမ်းတွေနဲ့ ဘွဲ့ယူ စာတမ်းတင်ကြတာပေါ့။ ဒီနှစ် အဲဒီလိုဘွဲ့ယူတဲ့ ကျနော်တို့ ကရင်တွေ အများကြီးရှိတယ်။
မေး။ ။ အခုစတင်သင်ကြားတဲ့ တိုင်းရင်းသားဘာသာ မေဂျာမှာဆိုရင် ကရင်ဒုံးအကပဲလား၊ တခြား တိုင်းရင်း သားတွေအနေနဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဘာတွေသင်တာ ရှိပါသလဲ။
အခြားတိုင်းရင်းသားတွေလည်းရှိတာပေါ့။ လောလောဆယ်တော့ ကရင်ကတော့အရှေ့ကို နည်းနည်းကြိုပြီး ရောက်နေတာပေါ့၊ တခြားတိုင်းရင်းသားတွေက အခုမှ သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲတာရှိတယ်။ ကျနော် တို့ကရင်ကတော့ လုပ်ခဲ့တာနည်းနည်းအရှိန်ရနေပြီးလို့ ပြောလို့ရတယ်။ ဒုံးအကနဲ့ပတ်သက်ပြီး နှစ်အလိုက်ခွဲ တာကတော့ ကရင်ရိုးရာလေ့လာတဲ့အခါမှာ ခေတ် ၄ ခေတ်အကနဲ့ ကျနော်တို့က ခွဲတာကိုး ။ ပထမနှစ်ကို ရှေးလူကြီးများဒုံး အက (ယှာ.လ်ုဖလုံ) ၊ ဒုတိယနှစ်ကတော့ ပဒေသရာဇ်ခေတ်၊ တတိယနှစ်ကတော့ ကိုလိုနီ ခေတ်ဒုံးအက နောက်ဆုံးနှစ်ကတော့ မျက်မှောက်ခေတ် ဒုံးအကနဲ့ ကျမ်းတင်ဘွဲ့ယူသွားမှာပေါ့။
မေး။ ။ ဒီဒုံးအက သင်ရိုးညွှန်းတမ်းကတော့ အချိန်ဘယ်လောက်ယူပြီး ဆရာတို့ ရေးဆွဲနေရတာလဲ။
ဖြေ။ ။ ဒီသင်ရိုးညွှန်းတမ်းရေးဆွဲတာတွေကို ၁ နှစ်ကျော် ၊ ၂ နှစ်ရှိသွားပြီး။ ရန်ကုန်သွားရင်လည်း ကိုယ့် စရိတ်နဲ့ ကိုယ်သွားတယ်။ ဘယ်သူမှ မသိဘူး။ ဘယ်သူမှ မထောက်ပံ့ဘူး။ ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်တုန်းကလည်း ကျနော်တို့ ဒုံးအကနဲ့ပတ်သက်ပြီး ရန်ကုန်မှာ စာတမ်းသွားဖတ်ခဲ့တယ်။ ဆရာဝဏ္ဏထွန်းက ပဒေသရာဇ်ခေတ် ကရင်ရိုး ရာဒုံးအကနဲ့ ကျွဲဒုံးအက လေ့လာခြင်းနဲ့ စာတမ်းတင်တယ်။ ကျနော်ကတော့ ကရင်ရိုးရာ ဒုံးအကနဲ့သိမှတ် ဖွယ်ရာများ စာတမ်းနှစ်ခုဖတ်တော့ နိုင်ငံတော်အဆင့်ကကော၊ တက္ကသိုလ်အဆင့်ကကော အရမ်းသဘောကျ ကြတယ်။ အဲဒါနဲ့ ပိုပြီး အရှိန်ရသွားတာပေါ့။
ယဉ်ကျေးမှုတက္ကသိုလ်က ကျနော်တို့ပြည်နယ်မှာ ကွင်းဆင်းလေ့လာတော့ ကျနော်တို့နဲ့တွေ့ပြီး ချိတ်ဆက်ဖြစ်ပြီး လုပ်ဖြစ်သွားတဲ့သဘောပဲ။ ပညာရေး ဌာနတွေဘက်ကတော့ ဆက်သွယ်တာ မရှိပါဘူး။ ယဉ်ကျေးမှုတက္ကသိုလ် က ဒီနှစ်တိုင်းရင်းသားဘာသာတွေ စဖွင့်ပြီးဆိုတော့ ကျနော်တို့ အောက်မြန်မာပြည်မှာတော့ ရန်ကုန်ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်မှာ ခုနကပြောတဲ့ ကရင်၊ မွန် ၊ ရခိုင်ပါတယ်။ မန္တလေးယဉ်ကျေးမှု တက္ကသိုလ်မှာတော့ အခြား တိုင်းရင်းသားတွေပါမယ်ထင်တယ်။ ကျနော်တို့ကတော့ အောက်မြန်မာပြည် တက္ကသိုလ်မှာပဲသိတယ်။
မေး။ ။ အခုလို အနုပညာ တက္ကသိုလ်မှာ ဒုံးအကသင်ရမယ်ဆိုတော့ ပထမနှစ်မှာ ဆရာတို့ပဲ သွားသင်ရမှာ လား၊ ဘယ်သူတွေသင်မှာလဲဆိုတာလည်း ပြောပြပေးပါ။
သင်ကြားရေးအပိုင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ တက္ကသိုလ်မှာ ကျူတာလို့ ခေါ်တဲ့ နည်းပြ၊ သရုပ်ပြ ဆရာမတွေထဲမှာ ကရင်လူမျိုးတွေရှိပါတယ်။ နောက်ပြီး ကျောင်းပြီးသွားတဲ့ ကရင်ကျောင်းသားတွေလည်း ကျောင်းမှာ သင်ကြားရေးအပိုင်း ပြန်လုပ်နေတာ ရှိတယ်။ အဲဒီမှာပြန်လုပ်တာရှိတယ်ဆိုတော့ သင်ကြားရေး အပိုင်းမှာ အခက်အခဲအဲ့လောက်မရှိဘူး။ သင်နိုင်တဲ့ ဆရာဆရာမတွေ ရှိတယ်။ ကျနော်တို့က အနောက်ကနေ ပံ့ပိုးပေးလို့ရတယ်။
ပြီးတော့ ကျနော်တို့ကလည်း ရန်ကုန်နဲ့ ဖားအံကသွားရနီးတယ်ဆိုတော့ သိပ်ပြီးတော့ အခက်အခဲမရှိဘူးပေါ့။ တစ်လတစ်ခေါက်၊ နှစ်ခေါက်သွားလုပ်ပေးလို့ရတယ်။ ဒုံးမေဂျာနဲ့ ယူတဲ့သူကတော့ ဒုံးအကကို နက်နက်ရှိုင်းရှိုင်း သင်ယူရတာပေါ့။ အခုမှ စတင်သင်တယ်ဆိုတော့ ပြည့်စုံမှုတော့ မရှိဘူး။ လုပ်ရင်း လိုအပ်ရင် ထပ်မံ ထည့်သွင်း ရင်းနဲ့ပေါ့။ အခုမှစတယ်ဆိုတော့။ အခုယူတဲ့ ဘွဲ့တွေကတော့ ကရင်ဒုံးအက မေဂျာနဲ့တော့ မဟုတ်ဘူး။ ဒါပေမယ့် သဘင်နဲ့ပဲဆင်းဆင်း၊ ဂီတနဲ့ပဲဆင်းဆင်း ကရင်ကျောင်းသူကျောင်းသားဆိုရင် ကရင်ဒုံးအကနဲ့ပတ်သက်တဲ့ ကျမ်းတစ်ခုခုတင်ပြီးတော့မှဘွဲ့ယူတာပါ။
ဆိုလိုတာက သူတို့အချက်အလက် စုဆောင်းတာပေါ့။ ဒီနှစ်ဘွဲ့ယူတဲ့ ဗမာဆရာမတစ်ယောက်ဆိုရင်လည်း သဘင်မေဂျာနဲ့ယူတယ်။ သို့သော် သူဘွဲ့ယူကျမ်း ပြုစုတဲ့အခါ သူ့ကျမ်းက လူပျိုကြီးဒုံးနဲ့ ကျမ်းယူရတယ်။ ကျနော်တို့ သူလိုတာကူညီပေးလိုက်တယ်။ ကျနော်တို့နဲ့ အတူတူပဲဘွဲ့ယူတယ်။ သူကတော့ ဝိဇ္ဇာဘွဲ့ပေါ့။ ဆရာဝဏ္ဏထွန်းက ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့၊ ကျနော်ကိုတော့ ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ပေးတာပေါ့နော်။
မေး။ ။ တက္ကသိုလ်မှာ နောင်လာနောက်သားတွေအတွက် ချန်ထားနိုင်မယ့် သင်ရိုးညွှန်းတမ်း တစ်ခုဖြစ်တာ ကြောင့် သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲတဲ့သူတစ်ယောက်အနေနဲ့ နောက်ဆုံး ဘာဖြည့်စွက် ပြောချင်တာရှိပါသလဲ။
ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့ ကရင်ရိုးရာဒုံးဟာ လက်ရှိစင်ပေါ်မှာကနေတာတွေကတော့ ရိုးရာ ကဟန်တွေ၊ ရိုးရာမဟုတ်တဲ့ ကဟန်တွေ ပါတာပေါ့လေ။ ဒါတွေကို ကျနော်တို့က စင်နားမှာသွားပြီး အကြံပြု ပြောပြလို့ ဒုံးဆရာတိုင်း ဒုံးသမားတိုင်း လက်ခံချင်မှ၊ လက်ခံမယ် အမြင်ချင်းကမတူဘူး။ တကယ့်ရိုးရာအစစ်အမှန် ရိုးရာ ကကြိုးသံစဉ်၊ ရိုးရာသီချင်း ရေးနည်း၊ ကာရံယူပုံယူနည်း ရိုးရာအတီးအမှုတ် တီးခတ်နည်းတွေကို စနစ် တကျ ရိုးရာအစစ်အမှန်၊ ရိုးရာဟန်ကိုမပျောက်အောင် တက္ကသိုလ်အဆင့်မှာ ကျနော်တို့က ခိုင်ခိုင်မာမာ ထားရစ်ခဲ့ချင်လို့ မှတ်တမ်းတင်ချန်ထားချင်လို့ လုပ်တဲ့သဘော ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။