ဒီဇင်ဘာ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားပါတီ-KNP မွန်ပြည်နယ်တာဝန်ခံ စောဟိုရှေးသည် ဒီဇင်ဘာ ၁ ရက်နေ့တွင် မော်လမြိုင်မြို့ နေအိမ်၌ ကွယ်လွန်သွားသည်ဟု မိသားစုဝင်များထံမှ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် (၆၅) နှစ်ရှိပြီး ဖြစ်သည့် စောဟိုရှေးသည် မွန်ပြည်နယ် KNP တာဝန်ခံတစ်ဦး အပြင် မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S – Mon State) အရပ်သားကိုယ်စားလှယ်တစ်ဦး အဖြစ်ဆောင်ရွက်နေသူ တဦးလည်း ဖြစ်ကြောင်း သိရသည်။
၎င်းကျန်းမာရေးကောင်းခဲ့စဉ်က ပါတီရှင်သန်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်လည်း မွန်ပြည်နယ် တိုင်းရင်းသားရေးရာ ကိုယ်စား လှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည့်အပြင် မွန်ပြည်နယ်လွှတ်တော်ထဲတွင်လည်း ကရင်တိုင်းရင်သားရေးရာ အကြံပေးအဖြစ် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ကြောင်း ကရင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီက ထုတ်ပြန်သည် ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။
“၎င်းဆုံးရှုံးခြင်းသည် ပါတီအတွက် ကြီးစွာသော ဆုံးရှုံးမှုဖြစ်ရသည်နှင့်အတူ ၎င်း၏ ဆောင်ရွက်ချက်များကို အသိမှတ်ပြု မှတ်တမ်းတင်သည်” ဟု KNP ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ပြောဆိုသည်။
ထို့အပြင် ငြိမ်းချမ်းရေးပန်းတိုင်မရောက်ခင် လမ်းခုလတ်၌ ကွယ်လွန်သွားသည့်အပေါ် လွန်စွာ နှမြောတသ ဖြစ် ကြောင်းလည်း JMC ကော်မတီဘက်မှလည်း ထုတ်ပြန်ပြောသည်။
စောဟိုရှေး၏ ဈပန အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၄ ရက်နေ့တွင် မော်လမြိုင်မြို့ ပိန္နဲကုန်း ခရစ်ယာန်သုသာန် ၌ ဝတ်ပြုဆုတောင်း ဂူသွင်း သင်္ဂြိုလ်လိုက်ပြီးဖြစ်သည်ဟု ကျန်ရစ်သူမိသားစုဝင်များထံမှ သိရသည်။