Home သတင်း ဒေါနတောင် လမ်းဟောင်းဘက်တွင် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှု ဆက်ဖြစ်နေ

ဒေါနတောင် လမ်းဟောင်းဘက်တွင် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှု ဆက်ဖြစ်နေ

1250
Photo: CJ

ဒီဇင်ဘာ ၄၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဒေါနတောင် လမ်းဟောင်း ကော့ကရိတ်မြို့မြောက်ပိုင်း မိချောင်းအင်း၊ ရန်ကုတ်၊ ကောင်းမှု့၊ အောက်ဘိုတဲ နေရာများတွင် စစ်ကောင်စီ စစ်ကြောင်းက ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှု အရှိန်မြင့်လုပ်ဆောင်နေပြီး မြေပြင်၌ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်နေသည်ဟု ကော့ကရိတ်မြို့ခံ သတင်းရင်းမြစ်က ပြောသည်။

“တစ်ပတ်လောက်ရှိပြီ နေ့တိုင်း ပစ်နေတာ၊ မြို့ထဲ ၉၇ က ပစ်လိုက်၊ လှိုင်ဝကုန်းက ပစ်လိုက်၊ ဒရုန်းတွေ သုံးလေး ငါးစီး ပျံပြီးဗုံးသီးချလိုက်နဲ့ တိုက်နေတာ၊ ရှေ့တော့မရောက်ဘူး။ မြေပြင်စစ်သားတွေကပြေးကြတာ များတယ်၊ ကရင်အဖွဲ့ တွေဘက် လက်နက်ချတာလဲ ရှိတယ်။ ဖမ်းမိတာလဲ ရှိတယ်။ လူကြီးတွေတော့ သတင်းထုတ်ပြန်တာ မျိုးလုပ်မယ်” ဟု ကော့ကရိတ်မြို့ခံ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများတိုက်ခိုက်နေသည့် ကော့ကရိတ်၊ အာရှလမ်းသစ်၊ လမ်းဟာင်းဒေသများအပြင် ကျုံဒိုး၊ ဂျိုင်း တံတား၊ တောင်ကြာအင်း ဒေသများအထိ စစ်ကောင်စီက ဒေသအခြေ စိုက် BGF တပ်ဖွဲ့ဝင်တစ်ချို့၊ စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် DKBA ဗိုလ်ဘိ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ခံစစ်အသွင် ပြင်ဆင်ပြီး လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။

Photo: CJ

သို့သော် ထိုဒေသများတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ်ပူးပေါင်းတပ်တို့၏ နေစဉ် တိုက်ခိုက်မှုကို ခုခံမှု ပြုလုပ်နေရသည်ဟု ကျုံးဒိုး၊ ခုနှစ်တိုင်ရွာ သတင်းအရင်းမြစ်က ယခုလိုပြောသည်။

“အခုတလောက ကော့ကရိတ်-ကျုံဒိုး၊ တောင်ကြာအင်းက ပစ်ခတ်တာနေတိုင်းရှိတယ်။ တော်ကြာ ခုနှစ်တိုင်နား ပစ်ကြပြန်ပြီ၊ ရေပူနားအလုံးကြီး ပစ်ထုတ်ပြန်ပြီ၊ လှိုင်ကွယ်ဘက်ပစ်သွားပြန်ပြီ အဲ့လိုဖြစ်နေတာ ကြာပြီလေ။ ကျုံဒိုးမှာ BGF နဲ့ DKBA ဗိုလ်ဘိအဖွဲ့တွေက ကင်းပတ်တာမျိုး၊ ဂျိုင်းတံတားတို့ ချောင်းဖျားတို့မှာ နေ့တိုင်း လုပ်တာမျိုး ရှိနေပေမယ့် စိတ်မချဘူး။ သွားရ လာရတာ မလွယ်ဘူး” ၎င်း သတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် အာရှလမ်းသစ်၊ ကျုံဒိုး၊ တောင်ကြာအင်း၊ ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းနေရာများဘက်တွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား ထိတွေ့ပစ်ခတ်တိုက်ပွဲများ ဒီဇင်ဘာ ၃ရက်နေ့ထိ ဖြစ်ပွား နေဆဲ ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။