Home သတင်း ဥကရစ်ထ ကာကင်းစခန်းမှ တပ်ခွဲမှူးအပါအဝင် ၁၄ ဦးကို KTLA ဖမ်းဆီး

ဥကရစ်ထ ကာကင်းစခန်းမှ တပ်ခွဲမှူးအပါအဝင် ၁၄ ဦးကို KTLA ဖမ်းဆီး

280
Photo: KTLA

နိုဝင်ဘာ ၂၉ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) မြဝတီတောင်ဘက် ရှိ ဥကရစ်ထ စစ်ကောင်စီကာကင်းစခန်းမှ တပ်ခွဲမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကော်သူးလေအာမီ-KTLA က ဖမ်းဆီးလိုက်သည်။

အဆိုပါ ကာကင်းရှိ တပ်ခွဲ့မှူးဖြစ်သူ ဗိုလ်ကြီးအာကာအပါအဝင် တပ်ဖွဲ့ဝင်များက KTLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းမည်ဟု အကြောင်းကြားပြောဆိုထားသော်လည်း ပူးပေါင်းခြင်း မရှိ သည့်အတွက် ယခုလို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု KTLA တာဝန်ရှိတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“သူတို့က သွားလာခက်ခဲလို့ သွားလာလွယ်ကူအောင် လာပူးပေါင်းမယ်လို့ ဒီမှာရှိတဲ့ အဖွဲ့တိုင်းကိုပြောတယ်။ ပြောပြီး တစ်လလည်းမလာ နှစ်လလည်းမလာလုပ်တော့ သူလာတွေ့တဲ့အချိန်မှာ ကျနော်တို့က သူ့ကို ဖမ်းလိုက်တာ ဖြစ်တယ်။ ကျန်တဲ့ လူတွေကို ခေါ်ခိုင်းတော့ မလာတော့ သူတို့ ရေလာခပ်တဲ့အချိန်ရှိတယ် ပြောတော့ ကျနော်တို့ သွားဖမ်းလိုက်တာဖြစ်တယ်။ အခုက သူတို့ အညံ့ခံပူးပေါင်းပြီး လက်နက်လာချတာမဟုတ်ဘူး။ ကျနော်တို့က သူတို့ကို ဖမ်းတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကာကင်းစခန်း၌ နေထိုင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွှေအေးမြိုင်ကျေးရွာဘုန်းကြီးကျောင်းသို့ နေ့စဉ်ရေဆင်းခပ်လေ့ရှိပြီး ရေဆင်းခပ်သည့်အချိန်ကို စောင့်ဖမ်းခြင်းဖြစ်သည်ဟု KTLA က ပြောဆိုသည်။

စစ်ကောင်စီကာကင်းစခန်း၌ တပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ခန့်သာရှိပြီး ၎င်းတို့ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ ၂၈ နေ့တွင် တစ်နေကုန်နီးပါး စစ်ကောင်စီဝေါလေဗျူဟာကုန်းနှင့် ဥကရစ်ထစခန်းတို့မှ လက်နက်ကြီး များနှင့် ပစ်ကူပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ထိုဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသအတွင်းသို့ စျေးများသွားဝယ်ထွက်ချိန်တွင် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA ယူနီဖောင်ဝတ်ဆင်ကာ စျေးထွက်ဝယ်လေ့ရှိသည်ဟု ဒေသအတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဝေါလေကျေးရွာသို့ ကား၂ စီးနှင့် စျေးဆင်းဝယ်သည့် ဝေါလေဗျူဟာကုန်း စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပစ်ခတ်သည့်အတွက် ၂ ဦး သေဆုံး ပြီး တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။