Home သတင်း ‌မိုင်းကြောင့် ဖာပွန်-ကမမောင်းလမ်းကို ဒေသခံများ သွားလာခွင့် ကန့်သတ်ထားကြောင်း KNU ပြော

‌မိုင်းကြောင့် ဖာပွန်-ကမမောင်းလမ်းကို ဒေသခံများ သွားလာခွင့် ကန့်သတ်ထားကြောင်း KNU ပြော

165
Photo- CJ

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အရပ်သားများ အသုံးပြုသွားလာနေသည့် ဖာပွန်−ကမမောင်း ကားလမ်းမတစ်လျှောက် မြေမြှုပ်မိုင်း ကြောင့် ဒေသအတွင်းရှိ ပြည်သူလူထုများ၏ သွားရေးလာရေးကို အကန့်အသတ်ဖြင့်သာ ဖြတ်သန်း ခွင့်ပြုထားသည်ဟု ကေအဲန်ယူ တပ်မဟာ (၅)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

စစ်ကောင်စီ၏ ရိက္ခာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ဆို့ရန်အတွက် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA ဘက်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှစ၍ လမ်းပိုင်းကန့် သတ်မှုများ ရှိလာခြင်းဖြစ်ပြီး ယခုလက်ရှိတွင်လည်း မြေမြှုပ်မိုင်းများကြောင့် ဒေသခံများ ထိခိုက်မှုရှိလာခြင်း ဖြစ်သည်။

ထို့ကြောင့် KNLA အနေဖြင့် ဖာပွန်-ကမမောင်းလမ်းပိုင်းကိုမူ ဒေသခံများအသုံးပြုခွင့် မပေးထားကြောင်း ကေအဲန်ယူ တပ်မဟာ (၅)၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ကေအိုင်စီသို့ ယခုလို ပြောသည်။

“KNLA ပူးပေါင်းတပ်က ဒီလမ်းကို လုံးဝအသုံးပြုခွင့်မပေးဘူး။ အရပ်သားအတွက် သွားလာရတဲ့လမ်း သီးသန့်ခွင့်ပြုထားတာရှိတယ်။ သူတို့ (KNLA) မိုင်းထောင်ပြီဆိုရင် ရွာသူရွာသားအားလုံးကို အသိပေး တယ်။ သဘောက ဘယ်နေရာကနေ ဘယ်နေရာအထိ လုံးဝမသွားရဘူး။ ဒါပေမယ့် ရွာသားတချို့က မလိုက်နာတဲ့အခါကျတော့ မဖြစ်သင့်ဘဲ ဖြစ်သွားတာလည်း တခါတလေ ရှိတယ်” ဟု ၎င်းက နိုဝင် ဘာလ (၂၇)ရက်နေ့က ပြောသည်။

ဖာပွန်- ကမမောင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီအပါအဝင် နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားသွားလာလျက်ရှိ သည်ဟု တပ်မဟာ (၅) သတင်းအရင်းအမြစ်က ဆိုသည်။

ထို့အပြင် မြေမြှုပ်မိုင်းကြောင့် လမ်းပိုင်းဖြတ်သန်းသွားလာသည့် ဒေသခံများ လစဥ်လိုလို ထိခိုက်သေဆုံးမှုများ ရှိနေကြောင်းလည်း ဒေသတွင်း အရပ်ဖက် အဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

“လတိုင်းထိတာပဲ။ မထိတဲ့လ မရှိဘူး။ အနည်းဆုံး တစ်ကြိမ်ဖြစ်တယ်။ လမ်းက အကန့်အသတ်နဲ့ ဖွင့်တယ်။ ကားဆိုင်ကယ်တွေကတော့ ဒီနေ့ဖွင့်ရင် ဒီနေ့ သွားလာကြတာပေါ့။ အမြဲဖွင့်တာတော့ မဟုတ် ဘူး။ အခြေအနေပေါ် မူတည်ပြီး သွားလာရတယ်။ ပိတ်တဲ့ရက် သွားရင်တော့ အခြေအနေ မကောင်း ဘူးပေါ့ “ ဟု ဖာပွန်အခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့တစ်ခု၏ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၄) ရက်နေ့ကလည်း ‌‌မော်လမြိုင်မှ ဖာပွန်သို့ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွား လာသည့် မိသားစုဝင်သုံးဦးသည် ဖာပွန်-ကမမောင်း လမ်းပိုင်းတစ်နေရာတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့သေးသည်။