စက်တင်ဘာ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဝင်းရေးမြို့နယ် ကျုံခဝန်ကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့ နံနက်၂ နာရီဝန်းကျင်အချိန်တွင် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။
ယခုလို လူအများအိပ်စက်ချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကြဲချ တိုက်ခိုက်ခြင်းဖြစ်ပြီး လူနေ အိမ်အနီးနှင့် လယ်ကွက်များထဲသို့ ဗုံးများ ကြရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“တိုက်ပွဲမရှိ အရပ်သားတွေပဲနေထိုင်တဲ့ရွာကို လေယာဉ်နဲ့ အလုံးကြီး ၅ လုံး လာကြဲသွားတယ်။ ၃ နှစ်ကျော် ကလေးက ဦးခေါင်းထိသွားတယ်။ ၅၃ နှစ်အရွယ် လူကြီးကတော့ ဒဏ်ရာရရှိသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူ၊ ဝင်းရေးမြို့နယ် အနန်းကွင်းကျေးရွာ စစ်ကောင်စီဗျူဟာစခန်း၌ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က စစ်ကူလေကြောင်းပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည်။ တောင်အနောက်ဘက်ခြမ်းရှိ ဝဲကလီအမြောက်တပ်ကလည်း စစ်ကူပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ပြုလုပ်နေသည့်အတွက် ကျေးရွာများ အတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းများ ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲဖြစ်ပွားသည့် အနန်းကွင်းကျေးရွာနှင့် ကျုံခဝန်ကျေးရွာတို့သည် အကွာအဝေးအနည်းငယ်ရှိပြီး ရွာနှစ် ရွာကြား ဖားပြ၊ တညင်၊ တညင်အနောက်၊ တညင်အရှေ့၊ လွှတ်ရှမ်းစသည့် ကျေးရွာများရှိနေကြောင်း သိရသည်။
ကေအဲန်ယူ ဝင်းရေးမြို့နယ်ထဲတွင် စစ်ရေးပြန်လည်တင်းမာနေပြီး စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု အပြင်း အထန် ပြုလုပ်လာသည့်အတွက် ကျေးရွာအများအပြားရှိ ဒေသခံများ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင် နေရ သလို တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ရွာများတွင်လည်း လေကြောင်းမှဗုံးကြဲခံရမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံများထံမှ သိရသည်။