Home သတင်း စစ်ကောင်စီ၏ နိုင်ငံတော်စစ်ဆင်ရေးကို အမြစ်ပြတ်ချေမှုန်းရန် Campaign Taw Naw အစီ အစဉ်စတင်

စစ်ကောင်စီ၏ နိုင်ငံတော်စစ်ဆင်ရေးကို အမြစ်ပြတ်ချေမှုန်းရန် Campaign Taw Naw အစီ အစဉ်စတင်

801

မေလ ၃၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆) မြဝတီ-ကော့ကရိတ် ဒေါနတောင် အာရှလမ်းမကို ထိုးစစ်ဆင်လာသည့်စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် လိုအပ်သည့် အထောက်အကူများ ပံ့ပိုးနိုင် ရန် Campaign Taw Naw ရံပုံငွေ ရှာဖွေသည့်အစီအစဉ်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ကမ်ပိန်းတော်နော်(Campaign Taw Naw) အစီအစဉ်ကို ဇွန်လ (၁)ရက်မှစတင်၍ ဇူလိုင်လ (၁၅)ရက်နေ့အထိ (၄၅) ရက်တာ လှုပ်ရှားမှုအစီအစဉ် လုပ်ဆောင်မည်ဖြစ်ပြီ ကမ်ပိန်း အစီအစဉ်အတွက် မျှော်မှန်းရံပုံငွေ ဘတ်သန်း(၂၀) ရရှိရန် လျာထားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်သူးလေနယ်မြေ တောနော်(ဒေါန)တောင်တန်း နယ်မြေတခွင်ရှိ ထိုးဖောက် ဝင်ရောက်လာသည့် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ဟန့်တားတိုက်ဖျက်နိုင်ရန်အတွက် လိုအပ်သည့် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် ကမ္ဘာတစ်ဝှမ်းရှိ ကရင်လူထုများ၏ ပူးပေါင်း ပါဝင်မှုကို အထူးလိုအပ်သည့်အတွက် ယခုကမ်းပိန်းကို စတင်လိုက်ခြင်းလည်းဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ဟန့်တားတိုက်ခိုက်ရာတွင် အဓိက ဦးဆောင်ပါဝင် တိုက်ခိုက်သည့် KNLA ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူးဗိုလ်ဒါဘောက “ ဒီတိုက်ခိုက်မှုက တစ်ရက်နှစ်ရက်တိုက်နေရတာမဟုတ်ဘူး။ နိုင်ငံတော်အဆင့် တိုက်ရတာဖြစ်တာမို့ ရက်ပေါင်းလည်း ကြာတယ်။ အဲလိုရက်ကြာလာတော့ လက်နက်၊ ကျည်ဆံ ပြီးတော့ သွားလာရေး လိုအပ်ချက် ကုန်တာ တွေ အများကြီးရှိတယ်။ စစ်ကောင်စီ မြဝတီမြို့မရောက်ရှိရေးအတွက် ကျနော်တို့ ရဲဘော်တွေပဲ လုပ်လို့ မရဘူး။ ပြည်သူလူထု အကူအညီပံ့ပိုးမှု အများကြီးလိုအပ်တယ် ” ဟု ထုတ်ပြန်ထားသော ကမ်ပိန်းအစီအစဉ်ရုပ်သံတွင် ပြောဆိုထားသည်။

ကမ်ပိန်းအစီအစဉ်ကို ပြည်တွင်းရှိ ကရင်ခေါင်းဆောင်များနှင့်အတူ ကရင်လူမျိုးများနေထိုင်သည့် နိုင်ငံ အသီးသီးရှိ ကိုယ်စားလှယ်များမှ အဓိက ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ်ပြီး ရရှိလာသည့် ရံပုံငွေများကို တောနော်(ဒေါန)တောင်တန်းနယ်မြေတခွင်တွင် ထိုးဖောက်ဝင်လာသည့် ရန်သူ့ စစ်ဆင်ရေးကို ချေးမုန်းသည့် တော်လှန်ရေး စစ်သည်အားလုံးအတွက် အသုံးပြုသွား မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည့် ရုပ်သံတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်မှ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၄ခုနှစ်၊ ဧပြီလ ၉ရက်နေ့တွင် စစ်ကောင်စီမှ သံချပ်ကား များနှင့်အတူ အင်အားရာနှင့်ချီပါဝင်သည့် နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်း စတင်စေလွှတ်ကာ မြေပြင်တိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှု များလည်း အလွန် အကျွံ အသုံးပြုတိုက်ခိုက်လျက်ရှိသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

ထို့ကြောင့် ဒေါနတောင်တန်းကို ကျော်ဖြတ်လာ၍ မရရှိစေရန်အတွက် ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်တို့မှ ခုခံ တိုက်ခိုက်ထားသောကြောင့် နှစ်လကြာ ခန့်ရှိသော်လည်း စစ်ကောင်စီနိုင်ငံတော်အဆင့်စစ်ဆင်ရေစစ်ကြောင်းသည် ဒေါနတောင်ကို ကျော်ဖြတ် လာ၍ မရရှိသေးသလို အကျအဆုံးများပြားလျက်ရှိကြောင်းလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောဆိုထားသည်။