Home သတင်း မတ်လကုန်တွင် တပ်ဖွဲ့ဝင်များ KNA အဖြစ် အသွင်ပြောင်းမှု အပြီးသတ်လုပ်ဆောင်မည်ဟု BGF ပြော

မတ်လကုန်တွင် တပ်ဖွဲ့ဝင်များ KNA အဖြစ် အသွင်ပြောင်းမှု အပြီးသတ်လုပ်ဆောင်မည်ဟု BGF ပြော

1120

မတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံးသည် ယခုမတ်လအကုန်တွင် ကရင်အမျိုး သားတပ်မတော် (Karen National Army-KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းမှုကို အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူက ပြောဆိုသည်။

BGF မှ KNA အဖြစ် ပြောင်းလဲဖွဲ့စည်းရန် ဖွဲ့စည်းပုံအဆင့်ဆင့်ကို ရေးဆွဲချမှတ်ထားပြီးဖြစ်သလို ပြင်ဆင် ဆောင်ရွက်ထားမှုလည်း အဆင်သင့်အနေအထားတွင်ရှိနေပြီးဖြစ်သောကြောင့် ဘက်တံဆိပ်အားလုံး ရောက်ရှိပါက တပြိုင်နက်တပ်ဆင်သွားမည်ဟု BGF တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အခုက ဘက်တံဆိပ်ချုပ်တာမပြီးသေးလို့ စောင့်နေရတာဖြစ်တယ်။ ချုပ်ပြီးသွားရင် အားလုံး ခေါ်ယူတွေ့ဆုံပြီးတော့ ဘက်တံဆိပ်အကုန်ဝေပြီး တပ်ဆင်သွားမှာဖြစ်တယ်။ အဖွဲ့ ဖွဲ့စည်းပုံတွေလည်း ရှိထားကုန်ပြီး တပ်ရင်းတို့ တပ်နယ် ၁၊ ၂၊ ၃၊ ၄ တို့ရှိထားပြီး နည်းနည်းပါးပါးပဲပြန်ပြီး ပြင်ရတော့မယ်။ ဘက်တံဆိပ်မရသေးလို့ တချို့က အရမ်းပြောင်းလဲတပ်ချင်နေပြီး”ဟု ပြောသည်။

KNA အဖြစ် အပြီးသတ်ပြောင်းလဲရန် ပြင်ဆင်နေသည့် စပ်ကူးကာလတွင် လတ်တလော ဖြစ်ပွားနေ သော သင်္ဃန်းညီနောင်တိုက်ပွဲဖြစ်စဉ်အတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ခိုက် သည့် သတင်းထွက်ပေါ်လာခြင်းကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု အထင်အမြင်လွဲမှားအောင် ပြောဆိုနေကြခြင်းသာဖြစ်ကြောင်း ဗိုလ်မှူး စောတင်ဝင်းက ဆက်ပြောသည်။

“သင်္ဃန်းညီနောင်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတိုက်ပေးတယ်ဆိုပြီး သတင်းတွေ ထွက် တာကြားရတယ်။ အဲဒါမဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။ ဒါပေမယ့် မြဝတီအနီးတွေမှာတော့ ပြည်သူ တွေအတွက် လုံခြုံရေးယူထားတာတွေတော့ ရှိပါသေးတယ်။ အဲဒါက အရင်တိုင်းပါပဲ။ ”ဟု ဗိုလ်မှူးစော တင်ဝင်းက ပြောသည်။

သို့သော် တိုက်ပွဲဖြစ်ပွားသည့် အချို့နေရာတွင် ရိက္ခာများပို့ဆောင်ပေးရန် စစ်ကောင်စီတပ်ဘက်မှ BGF တပ်ဖွဲ့ကို လာရောက်အကူအညီများတောင်းခံမှုများရှိနေဆဲဖြစ်ကာ လစာမယူတော့သည့်အတွက် ရိက္ခာများလည်း ကူညီပို့ဆောင်ပေးခြင်းမရှိတော့ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA မှ ၂၀၁၀ ခုနှစ်တွင် စစ်တပ် လက်အောက်ခံအဖြစ် ပြောင်းလဲရပ်တည်ခဲ့သည့် ကရင်ပြည်နယ် ၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိသည်။

လက်ရှိ တပ်ဖွဲ့ဝင်အင်အားမှာ ၇၀၀၀ (ခုနစ်ထောင်)ကျော်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။