Home သတင်း လမ်းပျက်စီးသဖြင့် မြဝတီ-ထို့ကော်ကိုး ကားလမ်းတွင် ယာဉ်အသွားအလာနည်းလာ

လမ်းပျက်စီးသဖြင့် မြဝတီ-ထို့ကော်ကိုး ကားလမ်းတွင် ယာဉ်အသွားအလာနည်းလာ

999
Photo: CJ

မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီး သွားလာမှုပြတ်တောက်ပြီးနောက် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ကားများ ပြောင်းလဲအသုံးပြုနေသည့် မြဝတီ-ထို့ကော်ကိုး-နဘူး တောင်ပတ်လမ်းမှာ လက်ရှိတွင် လမ်းပျက်စီးသဖြင့် ယခင်ထက်မော်တော်ယာဉ်များ အသွား အလာ ပိုမိုနည်းပါးလာကြောင်း နယ်မြေခံတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းရှိ လမ်းပိုင်းနေရာအချို့တွင် ပျက်စီးပြီး ဖုန်ထူထပ်၍ ကား အတက်အဆင်း ခက်ခဲသည့်အတွက် လက်ရှိတွင် မော်တော်ယာဉ်အသွားအလာ ယခင်ထက်နည်း လာခြင်းဖြစ်ကြောင်း နယ်မြေခံ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

၎င်းက “ ထို့ကော်ကိုးလမ်းမှာတော့ လမ်းပျက်တာလည်းပါတယ်။ ပြီးတော့ တခြားလမ်းပြောင်း သွားတာလည်း ပါတယ်။ လမ်းတွေက ဖုံအရမ်းထူတော့ တချို့နေရာတွေမှာ အတက်အဆင်းခက်တယ်။ လမ်းပျက်တော့ကားတွေသွားလာလို့ သိပ်အဆင်မပြေဘူး။ ပြီးတော့ ကားတွေလည်း ပြုတ်ကျ တာတွေလည်းရှိတယ်။ အခုနောက်ပိုင်းအသွားအလာနည်းလာတာ တော်တော်သိလာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လတ်တလောတွင် ပျက်စီးနေသည့် တံတားနှင့် လမ်းပိုင်းအချို့ကို ပြုပြင်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမည့် မိုးရာသီတွင် လက်ရှိ သွားလာမှု ပြတ်တောက်နေသည့် မြဝတီ-ကော့ကရိတ် အာရှလမ်း ပြန်လည်မဖွင့်လှစ်နိုင်ပါက အသွားအလာပို၍ခက်ခဲလာနိုင်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ လမ်းကြောင်းကို ပြန်လည်အသုံးပြုသည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာမှစတင်၍ လက်ရှိအချိန်ထိတွင် ကားအချင်းချင်း တိုက်မိခြင်း၊ ကားတိမ်းမှောက်ခြင်း၊ ချောက်ထဲတွင် ကားထိုးကျခြင်းများကြောင့် ခရီး သွားပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းရှိကြောင်းလည်း နယ်မြေခံ တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် မြဝတီ-ထို့ကော်ကိုး-နဘူးလမ်းကြောင်းအပြင် တခြားလမ်းဖြစ်သည့် မြဝတီ-ကြက်ဥတောင် လမ်းကြောင်းကို မော်တော်ယာဉ်များ ပြောင်းလဲသွားလာအသုံးပြုကြသော်လည်း အဆိုပါ ကြက်ဥတောင်လမ်းမှာ ထို့ကော်ကိုးလမ်းပိုင်းထက် ပို၍ကြမ်းတမ်းလျက်ရှိကြောင်း ခရီးသွားလာသူများက ပြောသည်။

ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက“ အခုက မဖြစ်မနေ သွားရမှ ဒီခရီးကို သွားနေကြတာ။ ပြီးတော့ သွားရင်လည်း သာမန်ကားမရဘူး၊ ကားလည်း အရမ်းနာတယ်။ ကုန်စျေးနှုန်းနဲ့ လမ်းကုန်ကျစရိတ် တွေက မလွယ်ဘူး။ တစ်ခါခါသွားရင်ကုန်ကျစာရိတ်က အရမ်းများ။ သွားပြီးဆိုရင် ဂိတ်ကြေး တွေကုန်များတယ်။ ကားတွေလည်းပြန်ပြင်ရတယ်။ အဲဒါကြောင်းကားတွေက ပါးသွားတာလည်းပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်း ထန်သည့်အတွက် မြဝတီ-ကော့ကရိတ်အာရှလမ်း ပြတ်တောက်သွား၍ KNU/KNLA-PC ထိန်းချုပ်သည့် မြဝတီ-ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းဘက်တွင် ပြောင်းလဲအသုံးပြုသွားလာနေကြရခြင်းဖြစ်သည်။