Home သတင်း ရေကာတာတည်ဆောက်မှုကို မဆန့်ကျင်ပါက နောက်မျိုးဆက်သစ်များအတွက် စိန်ခေါ်မှု ဖြစ်စေနိုင်ကြောင်း KRW ပြော

ရေကာတာတည်ဆောက်မှုကို မဆန့်ကျင်ပါက နောက်မျိုးဆက်သစ်များအတွက် စိန်ခေါ်မှု ဖြစ်စေနိုင်ကြောင်း KRW ပြော

754

မတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

သံလွင်မြစ်ပေါ်တွင် ရေကာတာတည်ဆောက်ခြင်းကို ဆန့်ကျင်မှုမရှိပါက နောက်လာ မည့်မျိုးဆက်သစ်များအတွက် စိန်ခေါ်မှုဖြစ်စေနိုင်ကြောင်း ယနေ့ မတ်လ(၁၄)ရက်နေ့တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာမြစ်ချောင်းများနေ့နှင့် ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားတွင် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့(KRW)က ပြောသည်။

လက်ရှိစစ်အစိုးရက သံလွင်မြစ်ပေါ်တွင်တည်ဆောက်ရန် စီစဥ်ထားသည့်ရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်လာခြင်းမရှိသေးသော်လည်း အမှန်တကယ်တည်ဆောက်လာပါက နယ်မြေအတွင်းရှိ ဌာနေတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုကို ထိခိုက်ပြီး နောက် လာမည့်မျိုးဆက်သစ်များအတွက်ပါ စိန်ခေါ်မှုဖြစ်နိုင်ကြောင်း အခမ်းအနားဦးဆောင်သူတစ်ဦးဖြစ်သည့်စောအယ်ထီးကော်က ပြောသည်။

“ဒီဌာနေတိုင်းရင်းသားတွေမှာ ဓလေ့၊ ယဥ်ကျေးမှုတွေ အသက်မွေးဝမ်းကျောင်းတွေ ရှိတယ် ။ ဒါတွေသာမရှိတော့ဘူးဆိုရင် လူမျိုးတစ်မျိုးပျောက်ကွယ်သွားမှာ စိုးရတယ်။ ဘယ်အစိုးရတက်တက် စွမ်းအင်လိုအပ်ချက်အရ ရေကာတာစီမံကိန်းကို အကောင်အထည်ဖော်ရင်လည်းဖော်လိမ့်မယ်။ ဒါကြောင့် အဲဒီဒေသတစ်ဝိုက်မှာ ထိခိုက်နစ်နာမှုရှိနိုင်တဲ့လူထုတွေ အားလုံးက သူတို့ရဲ့ မလိုလားချက်ကိုဖော်ထုတ်တာဖြစ်တယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် နောက်လာမယ့်မျိုးဆက်တွေအတွက် အင်မတန်မှစိန်ခေါ်မှုဖြစ်နိုင်ပါတယ်” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။

ရေကာတာတည်ဆောက်ပြီးစီးပြီး နောက်ဆက်တွဲဆိုးကျိုးများသည် ပြုလုပ်ပြီးစီးပြီးသော နေရာများတွင် လက်တွေ့ရင်ဆိုင်နေရခြင်းဖြစ်သလို ရေကာတာကျိုးပျက်မှုသွားခြင်းကြောင့် ထိခိုက်ခံစားနေရသည့်ဌာနေတိုင်းရင်းသားအများအပြားရှိနေသည့်အတွက် KRW အနေဖြင့်လည်း ယခုလို ရေကာတာတည်ဆောက်ခြင်းကို ဆန့်ကျင်နေရခြင်းဖြစ်ကြောင်း စောအယ်ထီးကော်က ဖြည့်စွက်ပြောပြသည်။

ထို့အတူ သံလွင်မြစ်သည် ၎င်းနယ်မြေအတွင်းနေထိုင်‌သော ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်းဖြစ်သောကြောင့် ရေကာတာ တည်ဆောက်လာပါက ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု အခမ်းအနားသို့ တက်ရောက်လာသူ စောလဲထူးကလည်း ယခုလိုပြောသည်။

၎င်းက “သံလွင်မြစ်ဟာ ကျနော်တို့ဌာနေ တိုင်းရင်းသားတွေရဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုပါ ။ ရေကာတာလာဆောက်ရင်ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အိုးအိမ် စည်းစိမ် လယ်ယာတွေ ဒုက္ခရောက်မှာပဲ အဲဒါကြောင့် ကျနော်တို့ရဲ့အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်တဲ့ သံလွင်မြစ်ကို လာပြီးတော့ မနှောင့်ယှက်ပါနဲ့ သံလွင်မြစ်ဟာ နှစ်ပေါင်းများစွာ ဘိုးစဥ်ဘောင်ဆက်က စီးဆင်းတဲ့အတိုင်း ကျနော်တို့အဲဒီလိုပဲ လိုချင်ပါတယ်” ဟု စောလဲထူးက ပြောသည်။

နယ်မြေထိန်းချုပ်သည့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မိမိတို့နယ် မြေအတွင်း ရေကာတာတည်ဆောက်လာမည်ကို ခွင့်မပြုရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေဖြင့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးအားလေးစားလိုက်နာခြင်းဖြင့် စစ်အာဏာသိမ်း ကာလအတွင်း ပျက်စီးသွားသော သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သည်များအား သုတေသန ပြုလုပ်ရန် တို့ကို KRW က တောင်းဆိုထားသည်။

ထို့အတူ နိုင်ငံတကာအနေဖြင့်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပူးပေါင်း၍ လုပ်ဆောင်ရန်တို့ကိုလည်း KRW က ဆက်လက်တောင်းဆိုသွားသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်သည့် သံလွင်မြစ် ကမ်းတစ်နေရာတွင် KRW ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့သည့် ယနေ့အခမ်းအနားသို့ ဒေသဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ဒေသခံ စုစုပေါင်း တစ်ထောင်ကျော် တက်ရောက် ပါဝင်ခဲ့ကြပြီး ရေကာတာ အလိုမရှိ၊ မြစ်များကိုလွတ်လပ်စွာ စီးဆင်းခွင့်ပေး၊ ရေသည်အသက်သွေးကြော၊ ရေသည် အားလုံး အတွက် အစရှိသည်တို့ကို ဘုတ်ပြားများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။