Home သတင်း နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

815

မတ်လ ၁၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ နှစ်ပေါင်း ၃၀ နီးပါးသက်တမ်းရှိ ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့က ယနေ့ မတ်လ (၁၄)နေ့ည‌ နေပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်‌ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းစသည့် ပစ္စည်းများကို သိမ်းဆည်းရရှိမှု အတိအကျမသိရှိရသော်လည်း စခန်းကုန်းကို အပြီးသိမ်းပိုက်နိုင်ပြီးဟု KNLA နှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

၎င်းက ” အသေးစိတ်ဘာမှ မသိရှိရသေးဘူး။ စခန်းတော့ရပြီး”ဟု KNLA နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

ကျိုက်ဒုံမြို့ စစ်ကောင်စီဗျူဟာကုန်းစခန်း တိုက်ခိုက်သိမ်းပိုက်စဉ်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် အဆက်မပြတ်ဗုံးကြဲပစ်ခတ်မှုလုပ်ဆောင်ခဲ့သည့်ကြားမှ စခန်းကိုသိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ပြောသည်။

၎င်းဒေသခံက”တိုက်ပွဲက မနေ့ကစပြီး ပြင်းထန်တာ၊ ဒီနေ့လည်း တနေကုန်ဖြစ်တယ်။ လေယာဉ် တွေ လည်း အကြိမ်ပေါင်းများစွာလာပစ်တယ်။ ဒီည‌နေတော့ စခန်းကုန်းရသွားပြီးကြားတယ်။ “ဟု ပြောသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာ ရုံးများအားလုံးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်‌နေ့ကတည်းက KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့် စစ်‌ကောင်စီဗျူဟာကုန်းစခန်းကို ယနေ့ မတ်လ ၁၄ ရက်နေ့ ညနေတွင် ၄နာရီခန့်တွင် ထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း မြေပြင်သတင်းအရင်းက ပြောသည်။

ကျိုက်ဒုံမြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းကို ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာ လာရောက် အခြေချတည်ဆောက်ထားသော စခန်းတစ်ခုဖြစ်သည်။