မတ်လ ၁၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်မှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း မြို့ခံများထံမှ သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက ညအချိန်အပြင်ထွက်သည့်လူငယ်များကို အဓိကပစ်မှတ်ထား ဖမ်းဆီးပြီး ငွေညစ်ခြိမ်းခြောက်မှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံလူငယ်များနှင့်နီးစပ်သူများက ပြောသည်။
“ဒီစစ်မှုမထမ်းမနေရ ထုတ်ပြီးတဲ့နောက်ပိုင်းလို့ပဲ ပြောရမယ်။ အဲ့ဒီနောက်ပိုင်း လူငယ်တွေ ဖမ်းဆီး ခံထိ တယ်။ လမ်းကြားတွေမှာ စောင့်ပြီးတော့ကို ဖမ်းတာ။ ပြီးခဲ့တဲ့ ရက်ကဆိုရင် ညဘက် ၉နာရီ နောက်ပိုင်း ထွက်တဲ့ လူငယ် ၁၀ ယောက်ကို စစ်သားစုဆောင်းရေး ရုံးမှာဖမ်းပြီးတော့ ငွေညှစ်တာ။”ဟု ထို နီးစပ်သူက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် လူငယ်များထံမှ ငွေကျပ် ၄ သိန်းမှ ၁၀ သိန်းထိ ခြိမ်းခြောက်တောင်းခံခဲ့ကြကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့သူလူငယ်များ၏ ပြောစကား အရ သိရသည်။
ယခုလို စစ်ကောင်စီ၏ လူငယ်များကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေသည့် လုပ်ရပ်များသည် တရား မဝင်လုပ်ရပ်များသာ ဖြစ်ကြောင်းနှင့် မည်သည့်ဥပဒေနှင့်မျှ ညီညွတ်မှုမရှိနေကြောင်း အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ယခုလို ထောက်ပြပြောဆိုသည်။
“လောလောလတ်လတ်မှာ သူတို့ လုပ်နေတဲ့ဟာတွေက စစ်တပ်နဲ့ရဲတွေက သိတဲ့အတိုင်း ဘာဥပဒေမှ မရှိနေဘူးသူတို့မှာ။ သူတို့အနေနဲ့ ထင်တိုင်းကျဲတဲ့သဘော။ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တာပေါ့။ ကြီးနိုင်ငယ်ညှဉ်းမူဝါဒကို ကျင့်သုံးနေကြတဲ့ သဘောပါပဲ။ ဘယ်ဥပဒေနဲ့မှ မညီညွတ် ပါဘူး။”ဟု ထိုရှေ့နေက ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် လက်ရှိတွင် မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဌာနရုံးမှ ရုံးဝန်ထမ်းများကလည်း မော်လ မြိုင်မြို့ပေါ် လူစည်ကားရာနေရာများတွင် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် ဝါဒဖြန့် လက်ကမ်း စာဆောင်များကို လိုက်လံဖြန့်ဝေမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း မြို့ခံများက ပြောသည်။



















