Home သတင်း ထားဝယ်၊ အရှေ့တောနယ်ရှိ စစ်ရှောင် (၇,၀၀၀) ကျော် နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ

ထားဝယ်၊ အရှေ့တောနယ်ရှိ စစ်ရှောင် (၇,၀၀၀) ကျော် နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ

722
ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

မတ်လ ၂၁ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင် ပြည်သူ (၇,၀၀၀) ကျော်အတွက် နေရာထိုင်ခင်းအရေးပေါ်လိုအပ်လျက်ရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန် ယူ ဘိတ်-ထားဝယ်ခရိုင်ထံမှ သိရသည်။

အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှစတင်ပြီး အာဏာသိမ်း စစ်ကောင် စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် မေတ္တာမြို့၊ ရွှေချောင်း၊ တောင်သုံးလုံး၊ ကျောက်မဲတောင်၊ ဝကုန်းရွာအပြင် ၎င်းအနီးရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံ(၇,၀၀၀)ကျော် စစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

၎င်းက “သူတို့လေကြောင်းတိုက်ခိုက်တဲ့နေရာမှာ မေတ္တာမြို့ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက် နေတာ။ မေတ္တာမြို့ထဲမှာ စစ်ကောင်စီစခန်းရှိတယ်လေ။ ဒါပေမဲ့သူတို့ဗုံးကြဲနေတာက လေယာဉ်တိုက်ခိုက်နေတာက ရွာထဲမှာ။ အထူးသဖြင့်မေတ္တာမြို့ တစ်မြို့လုံးနီးပါးလောက်က အိမ်တွေက အကုန်လုံးပျက်စီးနေတယ်။ ပြီးတော့ မေတ္တာအပြင်မှာလည်း သူတို့ကြဲနေတယ်။ အခု နောက်ဆုံးကျတော့ ရွာထဲမှာ ဗုံးကြဲတာလည်းရှိတယ်။ အဲ့ဒီလေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျနော်တို့မေတ္တာမြို့မှာ အိမ်ခြေပေါင်းများစွာ ပျက်စီးနေတယ်။ ဒါပေမဲ့ အထိ အနာဆုံးကတော့ မေတ္တာမြို့ပါပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် အရှေ့တောနယ်ဒေသတွင် ယခုလအတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ပေါင်း(၂၀)ကျော်အထိပြုလုပ်ခဲ့ပြီး ဒေသခံများအနေဖြင့် ယနေ့အချိန်ထိ ဘေးလွတ် ရာသို့ ရှောင်တိမ်းနေကြရသောကြောင့် နေရာထိုင်ခင်းအခက်အခဲများ လိုအပ်လျက်ရှိနေကြောင်း ပဒိုစောအယ်နာက ဆက်ပြော သည်။

“အခု ကျနော်တို့ထပ်လိုတာက အမိုးတွေအကာတွေ အိုးအိမ်အပျက်အစီးတွေ အဲ့တာတွေလိုတာ။ ဒါပေမဲ့ ရေရှည်တိုက်ပွဲသော်လည်းကောင်း၊ ရန်သူရဲ့လေကြောင်းတိုက်ခိုက်မှုသော်လည်းကောင်း တစ်လနှစ်လ ထက်ကြာမယ်ဆိုရင် စားနပ်ရိက္ခာပြဿနာတွေလည်း ကြုံတွေ့လာနိုင်တယ်။ တိမ်းရှောင်တဲ့ ပြည်သူ လူထုတွေလည်း အခုလောလောဆယ် ကလေးနဲ့ အသက်ကြီးသူတွေ များတာပေါ့နော်။ ပြီးတော့ အမျိုးသမီး သူတို့အတွက်လည်း ဆေးဝါးပစ္စည်းတွေက လုံလောက်မှုမရှိဘူး။” ဟု ပဒိုစောအယ်နာက ပြောသည်။

လက်ရှိတွင် စစ်ရှောင်များအားအကူအညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် စစ်ဘေး ရှောင် ပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်းနှင့် လေကြောင်း ရန်ကာကွယ်ရေး အပြင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုအန္တရာယ်၊ မိုင်းအန္တရာယ်နှင့်ပတ်သက်သော ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးလျက်ရှိကြောင်း၊ အရှေ့တောနယ်ဒေသ နေရာဒေသ အသီးသီးရှိ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့အကူအညီများပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။