Home သတင်း ကျိုက်ထိုတွင် အုပ်ချုပ်ရေးမှူးများက မဲစနစ်ပွင့်လင်းမြင်သာမှုမရှိဘဲ အတင်းအကြပ် စစ်မှုထမ်းခိုင်းနေ

ကျိုက်ထိုတွင် အုပ်ချုပ်ရေးမှူးများက မဲစနစ်ပွင့်လင်းမြင်သာမှုမရှိဘဲ အတင်းအကြပ် စစ်မှုထမ်းခိုင်းနေ

680
Photo: CJ

မတ်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းဥပဒေအတွင်း အကျုံးဝင်သူများ ကိုယ်စားနှိုက်ထားသော မဲစနစ်နှင့်ရလဒ်အပေါ် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် မဲပေါက်သည်ဟုဆိုကာ အတင်းအကြပ် စစ်မှုထမ်းခိုင်းနေကြောင်း မြို့နေပြည်သူများ၏ပြောပြချက်အရ သိရသည်။

ကျိုက်ထိုမြို့နယ် ရပ်ကွက်အချို့မှ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန်သတ်မှတ်ချက်ပြည့်မီသူများ နောက်ကွယ်တွင် ကိုယ်စားမဲနှိုက်စနစ်များလုပ်ဆောင်နေခြင်းဖြစ်ပြီး မဲရလဒ်များကို အများပြည် သူထံချပြခြင်းမရှိဘဲ မဲပေါက်သည်ဟု နှုတ်ဖြင့်သာပြောဆို၍ စစ်မှုထမ်းခိုင်းနေသည်ဟု ကျိုက်ထိုမြို့ နေဒေသခံတစ်ဦးက ပြောသည်။

“အုပ်ကြီးတွေနဲ့သူတို့ဘာသာသူတို့ မဲနှိုက်ပြီး မဲပေါက်တယ်ဆိုတဲ့သူတွေကို လိုက်ခေါ်နေတာပါ။ လက်လုပ်လက်စားတွေဆို ကျနော်တို့က အိမ်ကိုရှာကျွေးနေရတာပါလို့ ပြောတာကို အုပ်ကြီး ကမင်းတို့ယောက်ျားမဟုတ်ဘူးလားဆိုပြီး အတင်းခေါ်သွားတာ ဘာမှမပြောနိုင်ဘူး။ မဲပေါက်တယ်ဆိုပြီး လာခေါ်တာ မဲနှိုက်တာကိုယ်တိုင်နှိုက်တာလည်းမဟုတ် ကိုယ်ပေါက်တာလည်းမမြင်လိုက်ရဘူး။” ဟု ၎င်းဒေသခံက ပြောသည်။

ထိုသို့မသမာမှုများအကြားမှ စစ်မှုထမ်းဥပဒေကြောင့် ကျိုက်ထိုမြို့ပေါ်မှ လူငယ်၊ လူရွယ်အများစုသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြရကြောင်း မြို့ခံများက ပြောသည်။

မြို့ပေါ်ရပ်ကွက်နေ နောက်ထပ်အမျိုးသမီးတစ်ဦးကလည်း “မြို့ထဲမှာတော့ တော်တော်များ များမရှိတော့ဘူး။ သွားကုန်ကြပြီ။ မီးရထား CDM ဝန်ထမ်းတစ်ယောက်တောင် နာမည်စာရင်းပါလာလို့ ထွက်ပြေးပြီ။ နာမည်စာရွက်ကို ရဲကား(၃)စီးနဲ့ စစ်တပ်နဲ့ရဲနဲ့ပေါင်းပြီး အိမ်တိုင်ရာရောက်လိုက်ပို့တာ” ဟု ၎င်းက ဆိုသည်။

တဖက်တွင်လည်း စစ်တပ်ထောက်ခံသူ စစ်မှုထမ်းသားသမီးများမှ မိမိတို့အလိုဆန္ဒအလျောက် စစ်မှုထမ်းရန် စာရင်းပေးသူများလည်း ရှိနေသည်ဟု အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

“စစ်မှုထမ်းဟောင်းသားသမီးတွေကို စစ်မှုထမ်းဖို့ နာမည်စာရင်းထည့်ထားတာ စုစုပေါင်း (၁၀)ယောက်ရှိတယ်။ မဲနှိုက်ရမယ်လို့ပြောတော့ (၂) ယောက်လောက်ပဲခေါ်မယ်ထင်ထားတာ အဲဒီ အထဲမှာ စစ်တပ်က လာခေါ်တာမခံဘူး။ သူတို့ဆန္ဒနဲ့သူတို့ သင်တန်းတက်မယ်ဆိုပြီး သွားမယ့် သူ(၄)ယောက်ရှိတယ်။ အရက်သမားနဲ့ဆေးသမားတွေချည်းပဲ။ တပ်မတော်ကြီးကို ကာကွယ်မယ်ဆိုပြီး သွားတဲ့သူတွေပါ။” ဟု အဆိုပါအမျိုးသမီးက ဖြည့်စွက်ပြောပြသည်။

ထို့အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများမှ တစ်ရွာလျှင် လူငယ်(၁၀)ဦးစီ စုဆောင်းရမည်ဟု ညွှန်ကြားထားသဖြင့် စစ်တပ်၏အကျိုးကို အကောင်အ ထည်ပေါ်ရန် ပူးပေါင်းဆောင်ရွက်နေသူများအနေဖြင့် ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)ကလည်း ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သတိပေးထားသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း (၄၀၀)ကျော်ရှိသော မွန်ပြည်နယ်တွင် လူပေါင်း (၅၀၀) နီးပါး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမှုရှိနေကြောင်း စစ်ကောင်စီနှင့်ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။