Home သတင်း လူငယ်များအနေဖြင့် ပြည်ပနိုင်ငံထက် နီးစပ်ရာအဖွဲ့အစည်းတွင် ဝင်ရောက်သင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများတိုက်တွန်း

လူငယ်များအနေဖြင့် ပြည်ပနိုင်ငံထက် နီးစပ်ရာအဖွဲ့အစည်းတွင် ဝင်ရောက်သင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများတိုက်တွန်း

151
Photo: The Nation

ဖေဖော်ဝါရီလ ၂၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်မှုထမ်းဥပဒေ ပြဌာန်းထုတ်ပြန်ပြီးနောက် ပြည်တွင်းရှိ လူငယ်အများအပြား ပြည်ပထွက်ခွာ ရှောင်တိမ်းခြင်းထက် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းနေရာများတွင် ဝင်ရောက်သင့််ကြောင်း ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ကူညီဆောင် ရွက်သူများက အကြံပြုတိုက်တွန်းလိုက်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြား ထိုင်းနိုင်ငံသို့ တရားမဝင် နည်းလမ်းများဖြင့် အများအပြား ဝင်ရောက်လာကြသလို ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းလည်း နေ့စဉ်ခံနေကြရပြီး သက်ဆိုင်ရာစာရွက်စာတမ်း အထောက် အထားများပြုလုပ်ရာတွင်လည်း စစ်ကောင်စီနှင့် ကင်းလွတ်နိုင်မည်မဟုတ်ကြောင်း မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ဦးမိုးကျော်က ယခုလိုပြောသည်။

“ထိုင်းကိုလာမယ်ဆိုရင်လည်း လက်မှတ်အထောက်အထားတွေလုပ်တဲ့အခါမှာ ကိုယ့်ရဲ့ မှတ်ပုံတင်နံပါတ် CI လုပ်ရမယ်။ ပန်းရောင်ကဒ်ကနေ (work permit) လုပ်မယ်။ စသဖြင့်လုပ်တဲ့အခါမှာ စစ်မှုထမ်းရမဲ့အသက်အရွယ် အပိုင်းအခြားတွေကို ဖော်ပြပြီးသားဖြစ်နေတဲ့အတွက် လွတ်မြောက်မှာတော့မဟုတ်ဘူး။ လွတ်မြောက်ဖို့ဆိုရင် လူငယ်တွေကို အချက်ပြု ချင်တာက နီးစပ်ရာကိုယ့်လူရဲ့အဖွဲ့အစည်းအစုအဖွဲ့ တွေနဲ့ချိတ်ဆက်ပြီးတော့ ကျစ်ကျစ်လစ်လစ်လုံလုံခြုံခြုံနဲ့ ပူးပေါင်းရှိနေကြဖို့ ကျနော်က ဒီလိုပြောချင်ပါတယ်။” ဟု ဦးမိုးကျော်က ကေအိုင်စီ သို့ ပြောသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ထိုင်းနယ်စပ်နှင့် နီးစပ်သော ကရင်ပြည်နယ်အတွင်းရှိ လူငယ်အများအပြားလည်း နီးစပ်ရာ နယ်စပ်လမ်းကြောင်းများမှတဆင့် ပွဲစားများကို ငွေကြေးအမြောက်အများပေးဆောင်၍ တရားမဝင် နယ်စပ်ဖြတ် ကျော်ဝင်ရောက်နေကြပြီး ထိုင်းနယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးခြင်းကိုလည်း နေ့စဉ်ခံနေကြရကြောင်း ထိုင်းသတင်းမီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ပြည်ပနိုင်ငံသို့ထွက်ခွာရန် နိုင်ငံကူးလက်မှတ်ဗီဇာလျှောက်ထားမှုကို တစ်ရက်လျှင် လူဦးရေ ၄၀၀ နှုန်းဖြင့် ပြုလုပ် သွားပေးမည်ဖြစ်သလို ပြည်တွင်းရှိလူငယ်များကလည်း စိုးရိမ်စိတ်များကြောင့် ပြည်ပနိုင်ငံသို့ အမြန်ဆုံး ထွက်ခွာနိုင်ရန် အေဂျင်ဆီ၊ ပွဲစားများကို ယခင်ကကျသင့်သည့်စျေးနှုန်းထပ် ၂ ဆပေး၍ ပြုလုပ်နေရကြောင်း အမည်မ ဖော်လိုသည့် ပြည်ပထွက်ခွာရန် လက်မှတ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

၎င်းက “ရပ်ကွက်ထဲမှာက နေလို့မရဲတော့ဘူး။ တစ်ရက်တစ်ရက် အိမ်တံခါးဘယ်တော့လာခေါက်မလဲ၊ လာဖမ်းမလဲစိတ်နဲ့ အသက်ရှင်နေရတာ အဆင်မပြေတော့ဘူး။ အခု အလည်စာအုပ်လုပ်ထားတယ်။ ကိုယ့်ဘာသာကိုလုပ်ရင်ကြာတယ်။ အေဂျင့်ပွဲစားတွေနဲ့ဆိုရင်အရင်က ၁၀ သိန်းကျော်ပေးရရင် အခု ၂၅ သိန်းလောက်စျေးပေါက်နေပြီး။ ဘယ်လိုလုပ်မလဲ ဒီမှာကဘယ်လိုမှနေလို့မရဲတော့ ပေးပြီးလုပ်ရမှာပဲလေ။ ဗီဇာရသွားရင် လေယာဉ်လက်မှတ်က ရလား မရလား မသိ ပြန်ဘူး။ ဘာလိုလုပ်လို့လုပ်ရမလဲ စဉ်းစားမတတ်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းရှိ လူငယ်များ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းများမှ တဆင့် ဝင်ရောက် လာပါက ၎င်းလူငယ်များကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ် Srettha Thavisin ပြောဆိုမှုကို ကိုးကား၍ ထိုင်းနှင့် ပြည်တွင်းသတင်းမီဒီယာအချို့က ရေးသားဖော်ပြကြသည်။

ယခုလို ဥပဒေထုတ်ပြန်ချက်အပေါ် မျိုးဆက်သစ်လူငယ်နှင့် တိုင်းရင်းသားပြည်သူလူထု အနေဖြင့် ၎င်းဥပဒေကို ဆန့် ကျင်ပြီး တော်လှန်ရေးထဲတွင် ပူးပေါင်းပါဝင်ကြကာ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားကြ ရန်လည်း ကေအဲန်ယူက ယမန်နေ့တွင် သဘောထားထုတ်ပြန်ကာ တိုက်တွန်းထားသေးသည်။

အလားတူ စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် စိုးရိမ်မှုကြောင့် ပြည်တွင်းရှိလူငယ်များအနေဖြင့် လွတ်မြောက်နယ်မြေဖြစ်စေ ပြည်ပသို့ဖြစ်စေ ထွက်ခွာရန် ဆုံးဖြတ်ထားပါက သတင်းအချက်အလက်များ ဖော်ပြ ချက်များကို စိစစ်ပြီး လမ်းကြောင်းအခြေအနေများကို စုံစမ်းပြီးမှသာ သွားလာကြရန်လည်း ရောင်ခြည်ဦးအလုပ်သမား အဖွဲ့ကအကြံပြုထားသည်။

လတ်တလောတွင်လည်း အိမ်နီးချင်း နိုင်ငံများနှင့် အခြားပြည်ပ နိုင်ငံများသို့ သွားရောက်ကြရန်လည်း လူငယ် အများ အပြား ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ရာချီစုဝေး၍ ဗီဇာလျှောက်ထားမှုများ ပြုလုပ်နေကြပြီး ဗီဇာလျှောက်သည့် လူအုပ် ကြောင့် လူအုပ်ပိ၍ သေဆုံးမှုများလည်း ဖြစ်ပေါ်နေကြောင်း ပြည်တွင်းသတင်းမီဒီယာများက ဖော်ပြကြသည်။