Home သတင်း ဆွာမြို့ဘက်သွား တံတားတစ်စင်း စစ်တပ်က ဖျက်ဆီးလိုက်သဖြင့် သံတောင်မြောက်ပိုင်းရှိ ကျေးရွာများ သွားလာရေးခက်ခဲ

ဆွာမြို့ဘက်သွား တံတားတစ်စင်း စစ်တပ်က ဖျက်ဆီးလိုက်သဖြင့် သံတောင်မြောက်ပိုင်းရှိ ကျေးရွာများ သွားလာရေးခက်ခဲ

139
Photo: Internet

ဖေဖော်ဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့သို့ ခြောက်သွေ့ရာသီအတွင်း သွားလာရေးအတွက် ယာယီဆောက်လုပ်ထားသော တံတားတစ်စင်းအား စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သဖြင့် သံတောင်ကြီးမြို့မြောက်ပိုင်း(အထူးဒေသ)၊ လိပ်သိုမြို့နယ်ခွဲရှိ ကျေးရွာမှဒေသခံများ သွားလာရေး ခက်ခဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းအစပ်တွင်ရှိသော သံတောင်(အထူးဒေသ) ကျောက်တံခါး ကျေးရွာအုပ်စုနှင့် အနီးရှိ ကျေးရွာမှဒေသခံများ စားနပ်ရိက္ခာနှင့်လမ်းပန်းဆက်သွယ်ရေးအတွက် ဆွာမြို့သို့သွားလာရန် အသုံးပြုနေရသည့် အဆိုပါ ယာယီတံတားကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိုဒေသခံအမျိုးသမီးက “ဆွာဘက်ကိုတက်တဲ့တံတားက နာမည်တော့မရှိဘူး။ ယာယီပဲ မိုးတွင်းရောက်ရင် ဖျက်တယ် ။ ရေကုန်သွားရင်တော့ ပြန်ဆောက်တယ်။ အခုကကျတော့ မိုးတွင်းမရောက်သေးဘဲ ဘာလို့ဖျက်လိုက် လဲမသိဘူး။ တံတားမဖျက်ခင်တစ်ရက်ကတော့ စားစရာကြိုဝယ်ထားလို့ ပြောတယ်။ အဲဒါနဲ့ကျမတို့မှာ ဝဲဒေါင့်ရွာ ဘက်ကနေ ဖြတ်သွားရတယ်။ အဲဒီဘက်ကကျတော့ နာရီနဲ့ချီပြီးသွားရတာ မလွယ်ဘူး၊ စစ်တပ်ဂိတ်ကလည်း ရှိသေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရေတာရှည်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကလည်း စားနပ်ရိက္ခာ သယ်ဆောင်ခွင့်ကို ကန့်သတ်ခြင်းကြောင့် ဒေသအတွင်းကုန်ဈေးနှုန်းကြီးမြင့်ပြီး ချွေတာစားသောက်နေရကြောင်း နယ်ခံများကပြောသည်။

“အဲဒီဂိတ်မှာစောင့်တဲ့စစ်တပ်က ကြက်ဥဆိုရင် အလုံး ၅၀ ပဲသယ်ခွင့်ပေးတယ်။ ဆီဆိုရင်လည်း ၃ ပိဿာအပြင် ဘာမှမဝယ်ရဘူး။ မားမားခေါက်ဆွဲခြောက်တို့လည်း သယ်ခွင့်မပေးဘူး။ လက်မှတ်ထိုးပြီးမှသွားလာရတယ်။ လူတွေက သူတို့ရှိနေတော့ ဘယ်သူမှမသွားလာနိုင်ဘူး။ ရှိတဲ့ဆန်ဈေးကလည်း ဆွာမြို့မှာ ၇ သောင်း ၈ သောင်း ဆိုရင် ရွာမှာ တစ်သိန်းခွဲ အဲ့လိုဝယ်စားနေရတယ်။ တချိုကွမ်းစိုက်တဲ့သူကတော့ လယ်သမားတွေဆီက ကွမ်းသီးနဲ့ လည်းစား အဲ့လိုပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ ၎င်းဒေသရှိ ကျေးရွာများမှာ နယ်မြေအတွင်း သွားလာရေးနှင့်စားသောက်ရေးအခက်အခဲများအပြင် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီး ညစဥ်လိုလိုပစ်ခတ်မှုများကြောင့် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များထံ ရိက္ခာစီးဆင်းမှုပြတ်တောက်နိုင်ရေးအတွက် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ လက်ရှိအချိန်ထိ မြောက်ပိုင်း(အထူးဒေသ)သာမက သံတောင်ကြီးမြို့နယ်တစ်ခုလုံးသို့ စားနပ်ရိက္ခာ သယ်ဆောင်ခွင့်ကို တားမြစ်ကန့်သတ်ထားခြင်းဖြစ်သည်။