Home သတင်း ပဋိပက္ခများအကြား သိုလှောင်ထားသော စပါးများ ပျက်စီးဆုံးရှုံးမည့်အရေး စစ်‌ရှောင်တောင်သူများ စိုးရိမ် နေရ

ပဋိပက္ခများအကြား သိုလှောင်ထားသော စပါးများ ပျက်စီးဆုံးရှုံးမည့်အရေး စစ်‌ရှောင်တောင်သူများ စိုးရိမ် နေရ

575

ဒီဇင်ဘာလ(၂၁)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ၏ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်တွင် လက်ရှိဖြစ်ပွားနေ သော ပဋိပက္ခများအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ရိတ်သိမ်းပြီး သိုလှောင်ထားရသော စပါး များ ပျက်စီးဆုံးရှုံးမှု ရှိလာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။

အာဏာသိမ်းကာလအတွင်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ် များ၏ တိုက်ပွဲများ၊ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကြောင့် လမ်းများပိတ်ဆို့သဖြင့် ရိတ်သိမ်းသိုလှောင်ထားရသော စပါးများ ထိခိုက်ပျက်စီးမည့်အရေးကို စိုးရိမ်နေရ သည်ဟု ကျောက်ကြီးမြို့နယ်‌ နတ်သံကွင်းအုပ်စုအတွင်းနေထိုင်သူ ‌ဒေသခံ အမျိုးသားတစ်ဦးက ယခုလို ပြောသည်။

၎င်းက “လမ်းတွေပိတ်ဆို့နေတော့ စပါးတွေကိုရိတ်ပြီး လယ်‌ထဲမှာပဲပုံထားရတယ်။ သယ်ဖို့ကလည်း ပို့ခက ပဲနွယ်ကုန်း အထိအရောက်ဆိုရင် ၂ သိန်းခွဲလောက်သွားကျမယ်။ မပို့နိုင်‌သေးတုန်း လေယာဉ်နဲ့လက်နက်ကြီး ကျရင်လယ်ထဲ မှာ ပုံလှောင်ထားတဲ့ စပါးတွေ မီးလောင်ပျက်စီးမယ့်ရန်ကိုလည်း ကြောက်နေရသေးတယ်။ စပါး ဈေးကောင်းပေမယ့် ပို့ရတာအခက်အခဲရှိနေတာ” ဟု ကေအိုင်စီကို ပြောသည်။

ယခင်စစ်အာဏာမသိမ်းခင်က ဒေသအတွင်း စပါးလာရောက်ဝယ်ယူကြသော ပွဲစားများမှာ ယခုလို နယ်မြေ မတည်ငြိမ်မှုကြောင့် လာရောက်နိုင်ခြင်းမရှိတော့သဖြင့် ‌စပါးထုတ်မရောင်းနိုင်ကြ‌သလို ပစ်ခတ်မှုများကြောင့် နေရပ်ပြန်မနေရဲသည့်အတွက် စပါးမရိတ်သိမ်းနိုင်ဘဲ လက်လွတ်ဆုံးရှုံးလိုက်ရသော စစ်ရှောင်တောင်သူများ လည်း ရှိနေကြောင်း သိရသည်။

မုန်းမြို့နယ်နေ ဒေသခံအမျိုးသားတစ်ဦးကလည်း “တောင်သူတွေက စပါးကုန်သည်ပွဲစားတွေဆီ ရောက်ဖို့ လမ်း ကို အဆင်‌မပြေတာ။ အရင်ကဆို စပါးပွဲစားတွေအများကြီးရှိတယ်။ အခုက နယ်မြေအခြေအနေကြောင့် သူတို့ လည်း ဒီဘက်ထိလာဖို့အဆင်မပြေတော့ဘူး။ တက်ရောင်းချင်ပေမယ့် သွားလာတာခက်ခဲတော့ လှောင်ပဲထားရ တယ်။ တချို့ စပါးမရိတ်ရတဲ့နေရာတွေဆို ပျက်စီးသွားတာ အများကြီးပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မိုးရွာသွန်းမှုများပြားရာမှ မြစ်ရေမြင့်တက်လာမှုကြောင့် ညောင် လေးပင်ခရိုင်အတွင်း ကျေးရွာများရှိ စပါးခင်းများ ရေနစ်မြှုပ်ပျက်စီးခဲ့ရပြီး လယ်ဧကပေါင်း ထောင်ချီပျက်စီး ဆုံးရှုံးခဲ့ရသေးသည်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ် ရှိ စပါးစိုက်တောင်သူလယ်သမားများအပါအဝင် အခြားဒေသခံများမှာ အထက်ပါ အခက်အခဲများရင်ဆိုင်နေရသည့်အတွက် လူမှုစီးပွားရေးထိခိုက်ရသလို ပစ်ခတ်မှုနှင့်တိုက်ပွဲများကြောင့် နေရပ်ပြန်မနေနိုင်ကြသေးဘဲ ဘေးလွတ်ရာတွင် အဆင်ပြေသလို နေထိုင် စားသောက်နေ‌ရကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကေအဲန်ယူအပါအဝင် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့နှင့် အခြားအရပ်ဖက်အဖွဲ့များမှ စစ်ဘေးရှောင် ပြည်သူများအား လက်လှမ်းမီနိုင်သလောက် ထောက်ပံ့ပေးနေသော်လည်း ခရိုင်တစ်ခုလုံးအားဖြင့် စစ်ရှောင် ဦးရေ နှစ်သိန်းကျော်၏ လိုအပ်ချက်ကို လုံလောက်မှုရှိစေရန် အခက်အခဲရှိသလို ပွင့်လင်းရာသီ ကျော်လွန်မည့် အချိန်တွင် စစ်ရှောင်လူထု၏အခြေအနေ ပိုဆိုးလာနိုင်ကြောင်း စစ်ရှောင်အရေးကူညီနေသူများက သုံးသပ် ပြောဆိုကြသည်။