Home သတင်း ရန်သူကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းတွင်း စည်းလုံးညီညွတ်မှုနှင့် လူထုထောက်ခံမှုအရေးကြီးဟု KNU ဥက္ကဋ္ဌပြော

ရန်သူကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းတွင်း စည်းလုံးညီညွတ်မှုနှင့် လူထုထောက်ခံမှုအရေးကြီးဟု KNU ဥက္ကဋ္ဌပြော

989
Photo: KNU

အောက်တိုဘာ ၂ ရက်၊ ၂၀၂၃ ခုနှစ် ကေအိုင်စီ

ကရင်တမျိုးသားလုံး၏ အကြီးမားဆုံးရန်သူဖြစ်သည့် စစ်အာဏာရှင်ကို တွန်းလှန်နိုင်ရန် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုသည် အရေးကြီးကြောင်း ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ ၁၇ ကြိမ်မြောက် ကွန်ဂရက်အပြီး ပထမဆုံးအကြိမ်ပြောကြားသော ကရင်ပြည်သူလူထုများအတွက် အွန်းလိုင်းမိန့်ခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ ဥက္ကဋ္ဌက “ယခုကာလမှာ ကျနော်တို့ အနှောင့်အယှက်ပေးမယ့်အရာ၊ ကျနော်တို့ကို ဖျက်ဆီးမယ့်အရာ၊ ကျနော်တို့ ကြုံတွေ့နေရတဲ့ အကြီးမားဆုံးရန်သူက အထူးသဖြင့် စစ်အာဏာ ရှင်အုပ်စု ပဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်တို့ ရင်ဆိုင်နေရတဲ့ ခွန်အားနဲ့ လက်နက်ခဲယမ်း အဖက်ဖက်ပြည့်စုံတဲ့ ရန်သူကို တွန်းလှန်နိုင်ဖို့က ကျနော်တို့ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုအပိုင်းမှာ ပြည်သူတွေ ထောက်ခံအားပေးမှုရှိဖို့က အင်မတန်မှ အရေးပါတယ်။”ဟု ပြောကြားခဲ့သည်။

လက်ရှိ ကရင်လူမျိုးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အရာများသည် ယခုပင်မဟုတ်ဘဲ သမိုင်းအစဉ် ဆက်ကတည်းက ကြုံတွေ့နေခဲ့ရကာ ရန်သူစစ်တပ်၏ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့်ကရင်လူမျိုး များသည် နေရပ်အိုးအိမ်စွန့်ခွာ၍ တစ်ဖက်နိုင်ငံသို့ စစ်ဘေးဒုက္ခသည်အဖြစ် ခိုလှုံခဲ့ရသည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌက ပြောဆိုထားသည်။

ထို့အပြင် ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်အတွင်းရှိ ပြည်သူလူထုများသည် အာဏာရှင်ကို ပြန်လည်ဆန့်ကျင်ရာမှ စစ်ကောင်စီဘက်က အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်သည့်အတွက် ၎င်းတို့နယ်မြေထဲသို့ လာရောက်တိမ်းရှောင်လာသော ပြည်သူများကို ကာကွယ်ပေးနေရကြောင်း၊ ထိုသို့ကာကွယ်ပေးသည့်တစ်ချိန်ထဲတွင် စစ်တပ်၏ အကြမ်းဖက် သတ်ဖြတ်မှုများကို အစည်းအရုံးနှင့်တပ်ဖွဲ့ဝင်များက လက်မခံနိုင်သည့်အတွက် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ကာ တိုက်ပွဲများတကျော့ပြန်ဖြစ်ပွားလာခြင်းဖြစ်သည်ဟုလည်း ကေအဲန်ယူ ဥက္ကဋ္ဌ မိန့်ခွန်းတွင် ပြောဆိုထားသည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသည့် ကရင်ပြည်သူလူထုသည် ယခင်ကထက်ပိုမိုများ ပြားပြီး ကရင်ဒေသတစ်ခုထဲတွင် စစ်ရှောင်ဦးရေ ၆ သိန်းကျော်ရှိလာကာ ၎င်းစစ်ရှောင်ပြည်သူများကို ကေအဲန်ယူက ထောက်ပံ့မှုအကူအညီများပေးနေရသည့်အပြင် နိုင်ငံတကာရှိ ပုဂ္ဂလိကအလှူရှင်တချို့မှ လည်း နယ်စပ်ဒေသလူမှုကူညီရေးအဖွဲ့မှတစ်ဆင့်သွားရောက်ထောက်ပံ့မှုရှိသော်လည်း လုံလောက်မှု မရှိသလို အကူအညီဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ဆက်လက်၍ ကေအဲန်ယူ ဥက္ကဋ္ဌက ကရင်အမျိုးသားတော်လှန်ရေးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တစ်စုတစ်ဖွဲ့တည်း လုပ်ဆောင်၍မရသလို ကရင်တစ်မျိုးလုံးပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ပြီး ဝေဖန်ပြောဆိုမှုမျိုး တစ်ခုတည်းပင်မဟုတ်ဘဲ ကျရာအခန်းကဏ္ဍတွင် ကိုယ်တိုင်ကိုယ်ကျထဲထဲဝင်ဝင် ပါဝင်လုပ် ဆောင်ကြရန်ကိုလည်း တိုက်တွန်းပြောဆိုထားသည်။

(၁၇) ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့မှစ၍ မေလအထိ ၎င်းတို့ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၂၀၀ နီးပါး ပါဝင် တက်ရောက်ကာ ခေါင်းဆောင်သစ်များကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ကွန်ဂရက်အတွင်း ဆုံးဖြတ်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေး ရပ်တည်ချက်၊ ရှေ့လုပ်ငန်းစဉ်နှင့် ထိန်းချုပ် နယ်မြေအတွင်း စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ကွန်ဂရက်အပြီး ရက် ၁၀၀ ရှင်းလင်းပွဲကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နေ့က ကေအဲန်ယူက အွန်လိုင်းဖြင့် ကျင်းပပြုလုပ်ခဲ့သေးသည်။