အောက်တိုဘာလ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရှိ ရပ်ကွက်များနှင့် လမ်းမပေါ်များတွင် သီတင်းကျွတ်ကာလအတွင်း မီးရှူး၊ မီးပန်းများမဖောက်ကြရန်နှင့် ဈေးဆိုင်များတွင် တင်မရောင်းကြရန် အာဏာသိမ်းစစ်ကောင်စီ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ကားများဖြင့် လိုက်လံဆော်ဩမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများပြောစကားအရ သိရသည်။
သီတင်းကျွတ်ကာလ ရာသီပွဲတော် ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ ဟိုက်ဂျက်ကားများဖြင့် လိုက်လံဆော်ဩမှုများ ပြုလုပ်နေသည့်အပြင် လက် နက်ကိုင် (BGF) တပ်ဖွဲ့ဝင်များပါ ဆော်ဩမှုများ ပြုလုပ်လျက်ရှိကြောင်း အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“ညနေဘက်ဆို ကားနဲ့လိုက်အော်နေပြီး။ ယမ်းမဖောက်ဖို့ရယ် မရောင်းဖို့ရယ်။ အကယ်လို့ သူတို့ တွေ့ရင် ဒဏ်ရိုက်မယ်လို့လိုက်အော်နေတယ်။ ဒဏ်ကြေးဘယ်လောက်လဲ ဆိုတာကတော့ မသိရ ဘူးပေါ့လေ။ အရင်ကကျတော့ ဟိုက်ဂျက်နဲ့ပဲလိုက်အော်တာ။ အခုနောက်ပိုင်းကကျတော့ BGF ဘက် တံဆိပ်တွေ၊ ကားအကြီးကြီးတွေနဲ့ မြို့ထဲမှာ သေနတ်ကိုင်ပြီးတော့ လိုက်အော်ပြောနေတာ။ အမှန်ဆို သီတင်းကျွတ်ကာလက မြန်မာရိုးရာအရ ဗျောက်အိုးဖောက်တာက ထုံးစံပဲလေးနော်။ အဲ့တာ ကိုမှ လက် နက်ကိုင်ပြီး ခြိမ်းခြောက်တားမြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတာကတော့ မဖြစ်သင့်ဘူးလို့ ထင်မိတယ်။”ဟု ၎င်းမြို့ခံက ပြောသည်။
ထို့အပြင် ဖားအံမြို့ပြည်ထောင်စုကွင်း (သီရိကွင်း)တွင်လည်း လာမည်နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို စစ်ကောင်စီလက်အောက်ခံအဖွဲ့ အစည်းများက ပွဲကို ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြခြင်းကြောင့် မြို့တွင်း စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်ထားကြောင်း ဖားအံမြို့ခံများက ဆိုသည်။
နောက်ထပ်မြို့ခံတစ်ဦးက “အခုဆိုရင် ပြည်နယ်ပွဲလုပ်ဖို့အတွက် ပြင်ဆင်နေတာတွေ ရှိတယ်။ ပြီးတော့ တစ်ဖက်မှာကလည်း မြို့ထဲမှာ လုံခြုံရေးတင်းကြပ်တာတွေ ရှိနေပြန်ရော။ ဒါပေမဲ့မြို့ထဲမှာ ပုံမှန်တိုင်းပဲ သွားလာနေကြတယ်။ သံလွင်တံတားဘက်မှာတော့ စစ်ဆေးတင်းကြပ်တာတွေ တော်တော် လုပ်နေ တယ်။ ဖမ်းပြီးငွေသိန်းနဲ့ ချီပြီး ပြန်ရွေးခိုင်းတာတွေတောင် ရှိနေတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ဖားအံမြို့နယ်တွင် ယခုအောက်တိုဘာလအတွင်း စစ်ကောင်စီတပ်များ အင်အားသုံးလှည့်လည်ကင်း ပတ်နေပြီး စစ်ဘက်အရပ်ဘက်လုံခြုံရေး တိုးမြှင့်ချထားမှုများ သိသိသာသာလုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တက်ဘာလတွင် သံလွင်တံတား စစ်ဆေးရေး ဂိတ်ပေါက်ကွဲမှုနှင့် မြဝတီခရိုင်ရဲရုံး ဗုံးချခံရမှု ဖြစ်စဉ်များကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ပြီးနောက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်က လုံခြုံ ရေးတိုးမြှင့်ချထားမှု ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



















