Home သတင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မုန်းမြို့နယ်အတွင်း ရေဘေးသင့်နေကြောင်း ကေအဲန်ယူ ထုတ်ပြန်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မုန်းမြို့နယ်အတွင်း ရေဘေးသင့်နေကြောင်း ကေအဲန်ယူ ထုတ်ပြန်

815
Photo: Crd.

အောက်တိုဘာ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဒေသခံပြည်သူများမှာ ရေကြီးဒဏ်ကိုခံနေကြရကြောင်း KNU ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့်အောက်တိုဘာလ ၇ရက်နေ့မှစတင်ပြီး ယနေ့အချိန်ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သပြေညွှန့်၊ ကျောက်ကြီးပေါက်၊ မန်ကျည်းတော၊ လေလံကုန်း၊ တောပု၊ ဇီးကုန်း၊ ကြက်တက်ညောင်ပင်၊ ဒိုက်ပုံနှင့် ညောင်ပင်သာ စသောကျေးရွာများတွင် ရေဘေးသင့် မှုများဖြစ်ပေါ်နေကြောင်း ကျေးရွာနေဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အိမ်ပျက်စီးတာ မြေပြိုတာတွေတော့ မရှိသေးဘူး။ ဒီရေကြီးမှုကြောင့် စပါးတွေ၊ ပြောင်းတွေ၊ ပဲတွေ ရေဖုံးသွားတယ်။ အဲ့ဒီအတွက် စားဝတ်နေရေးအတွက် တော်တော်လေးခက်ခဲသွားတယ် ဒီကာလမှာတော့။ ကူညီထောက်ပံ့တဲ့အဖွဲ့တွေလည်း မရှိသေးဘူး။ အခုရေကြီးနေတာက တစ်ပတ် လောက်တော့ ရှိနေပြီး။ မိုးကလည်း အခုချိန်ထိ ဆက်တိုက်ရွာနေတယ်။ အခုရေကြီးတဲ့ရွာ တွေက တပ်မဟာ(၂)နဲ့လည်း နီးတယ်လေ၊ အဲ့နေရာတွေပါရေကြီးမှုဒဏ်ကိုခံရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများ လိုအပ်လျက်ရှိနေပြီး စားသောက် ရေးအတွက် လိုအပ်သည့်ပစ္စည်းများ သွားရောက်ဝယ်ယူသည့် အခါတွင်လည်း လမ်းခရီးခက်ခဲမှုအပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များ ချမှတ်ထားခြင်းကြောင့် လုံခြုံရေး အဆင်မပြေမှုများလည်း ကြုံတွေ့နေရ ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

အလားတူ ချောင်းရေမြင့်တက်လာမှုကြောင့် ကျေးရွာအတွင်းရှိ ဒိုက်ပုံစာသင်ကျောင်း၊ ဇီးကုန်းစာသင်ကျောင်း၊ တောပု စာသင်ကျောင်း၊ လေလံကုန်းစာသင်ကျောင်း၊ ကျောက်ကြီး ပေါက်စာသင်ကျောင်းများကို ခေတ္တပိတ်ထားရကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ရေဘေးသင့်ရာ မုန်းမြို့နယ် နေရာများတွင်လည်း စစ်ကောင်စီတပ်နှင့် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက်ရေး တပ်မတော်-KNLA တို့အကြား မကြာခဏဆိုသလို နှစ်ဖက်အပြန်အလှန်ပစ်ခတ် တိုက်ခိုက် မှုများရှိနေပြီး ဒေသခံတချို့မှာ ယနေ့အချိန်ထိ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။