Home သတင်း KNU တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၃ ဦးလက်နက်ချဘက်ပြောင်းခိုလှုံလာ

KNU တပ်မဟာ ၆ နယ်မြေတွင် ၂ ရက်အတွင်း စစ်ကောင်စီတပ်သား ၃ ဦးလက်နက်ချဘက်ပြောင်းခိုလှုံလာ

693

စက်တင်ဘာလ ၂၀ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ဝေါ်လေအခြေစိုက် စစ်ကောင်စီ တပ်၏ တပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၅၆) မှ တပ်သား ၂ ဦးနှင့် ခြေမြန်တပ်ရင်း (ခမရ-၉) မှ တပ်သားတစ်ဦးသည် ယခုလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဘက်သို့ လက်နက်ဖြင့် ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က (ခမရ−၅၅၆) တပ်ရင်းမှ တပ်သား ကိုကိုနိုင်နှင့် အသက် ၂၀ နှစ်အရွယ်ရှိသည့် တပ်သားအိုက်လျှန်းတို့ နှစ်ဦးအပြင် စက်တင်ဘာလ ၈ ရက်နေ့က အသက် ၃၃ နှစ်အရွယ်ရှိသည့် (ခမရ-၉)တပ်ရင်းမှ စောသက်နိုင်ထွန်း စသည့် တပ်သား ၃ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ နီးစပ်ရာ KNLA တပ်ဖွဲ့များထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဘက်ပြောင်းခိုလှုံလာသည့် တပ်သား ၃ ဦးနှင့်အတူ MA-1 သေနတ်တစ်လက်၊၎င်းကျည်ဘောက် ၄ ဘောက်၊ (၅.၅၆) ကျည်တောင့် (၂၃၉) ထောင့် နှင့် အီကွေးမင့်တစ်စုံအပြင် 338 စနိုက်ဘာ ၁ လက်နှင့်၎င်းကျည် ၅၀တောင့်တို့ ပါဝင်ပြီး တပ်သား ၂ ဦးကို ဘတ် ၅ သောင်းနှင့် နောက်ထပ်တစ်ဦးကို ဘတ် ၁ သိန်း ပေးအပ်ခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ၏ (ခမရ-၅၅၆) တပ်ရင်းမှ တပ်သားနှစ်ဦးမှာ နီးစပ်ရာ KNLA တပ်ရင်း(၁၀၃) တပ်ခွဲ (၁)ထံသို့ ပူးပေါင်းခဲ့ပြီး ကျန် (ခမရ-၉) တပ်သားတစ်ဦးမှ ဗိုလ်ဒါဘောဦးစီးသည့် (Cobra) ကော်ဘရာ စစ်ကြောင်းထံသို့ လက်နက်ချ ဘက်ပြောင်းသွားခြင်းဖြစ်သည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် ကေအဲန်ယူတပ်မဟာနယ်မြေများထဲတွင် စစ်ကောင်စီတပ်ဘက်မှ ကျန်ရှိ နေသေးသည့် တပ်သားများကိုလည်း KNLA ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းနှင့်အတူ လာရောက် ပူးပေါင်း မည်ဆိုပါက နွေးထွေးစွာ ကြိုဆိုမည်ဖြစ်ပြီး ရှေ့ဆက်ဘဝရပ်တည်ရေးအတွက်လည်း ကူညီပံ့ပိုးပေးသွားမည်ဟု KNU က ဆိုသည်။

အလားတူ အခြားသော KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားနေသည့် ကေအဲန်ယူ တပ်မဟာနယ်မြေများထဲတွင်လည်း စစ်ကောင်စီတပ်၏ တပ်ရင်းမှူး၊ အရာရှိများနှင့် တပ်သားများကို စစ်သုံ့ပန်းအဖြင့် ဖမ်းဆီးရမိခြင်းများရှိသလို လက်နက်ချ ဘက်ပြောင်းခိုလှုံလာသူများလည်း များစွာရှိသော်လည်း မည်မျှရှိသည်ကိုမူ သက်ဆိုင်ရာအဖွဲ့အစည်းများက အသေးစိတ်ထုတ်ပြန်လာခြင်းမရှိသေးကြောင်းတွေ့သည်။