Home သတင်း ပုလောမြို့နယ်တွင် အရပ်သားနေအိမ် ၂၂လုံး စစ်ကောင်စီမီးရှို့၊ ဒေသခံအချို့သတ်ဖြတ်ခံရ

ပုလောမြို့နယ်တွင် အရပ်သားနေအိမ် ၂၂လုံး စစ်ကောင်စီမီးရှို့၊ ဒေသခံအချို့သတ်ဖြတ်ခံရ

982

စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊တပ်မဟာ(၄)နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ပုလော(လယ်မူလား) မြို့နယ်ထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၆)ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ လက္ကူး နှင့် ပြင်းဖြူကျေးရွာထဲရှိ ဒေသခံလူထုနေအိမ် (၂၂)လုံးကိုမီးရှို့သည့်အပြင် ဒေသခံအချို့ကိုလည်း ဖမ်းဆီးသတ် ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ(၁၅)ရက်နေ့က မှော်ကြောင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့အကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ် ဘက်မှ (၅) ဦးခန့်သေဆုံးမှုရှိပြီးနောက် လက္ကူးကျေးရွာဘက်သို့ အင်အား ၁၀၀ ကျော်ခန့် စစ်ကြောင်းထိုး လာကာ လက္ကူးကျေးရွာ၌ လူနေအိမ်(၁၇)လုံးနှင့် ပြင်းဖြူကျေးရွာတွင် လူနေအိမ်(၅)လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရ သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “လက္ကူးမှာ ဒေသခံ နေအိမ်တော်တော်မီးရှို့ခံရတယ်။ ပြီးတော့ လက်နက်နဲ့ပစ်တော့ ဒေသခံတွေထိခိုက် သေဆုံးတာရှိတယ်။ အသတ်ခံရတာလည်းရှိတယ်။ ပြီးတော့ရွာမှာအင်အား အများနဲ့ စစ်ကြောင်း ထိုးထားတော့ အနီးအနားဝန်းကျင်က ကျေးရွာတော်တော်များများ ထွက်ပြေးတိမ်းရှောင်နေရတာအများကြီးဘဲ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် အဆိုပါစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်မှ စက်တင်ဘာလ ၁၇ ရက်နေ့တွင်လည်း ဒေသခံ မိသားစုဝင် (၄) ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းလည်းရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၄)၏ ကွယ်ကလူသတင်း စာမျက်နှာတွင် ဖော်ပြထားခြင်းရှိသည်။

အလားတူ လက္ကူးကျေးရွာထဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့ မှစတင်၍ စစ်ကောင်စီ ခြေလျင် တပ် ရင်း(ခလရ-၂၈၅) တပ်မှ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အတွက် ၆နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ နယ်မြေအတွင်း စစ်ကြောင်းထိုးလာသည့် အဆိုပါစစ်ကောင်စီ (ခလရ-၂၈၅) စစ်ကြောင်းသည် ပိတပ် ကျေးရွာရှိ ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းရှိသည့်အပြင် ပြီးခဲ့သည့်စက်တင်ဘာလ (၁၁) ရက် နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAတပ်ရင်း (၇)၊ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့တို့နှင့်လည်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သေးသည်။

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ဘက်မှလည်း ထိခိုက်မှုကျဆုံးမှုရှိကာ ပုလောမြို့နယ်ထဲတွင် လက်ရှိအချိန်တွင် စစ်ကောင်စီ တပ်ဘက်မှ ရေလမ်းကြောင်းနှင့်လည်း အင်အားတိုးချဲ့ဖြည့်တင်းလာမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။