စက်တင်ဘာ ၈ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တောင်ကလေးတိုးချဲ့မြို့ပြစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသခံလူထု၏ လယ်၊ ခြံမြေနှင့် ကျေးရွာမြေများသိမ်းဆည်း ခံရသည့်အပြင် နစ်နာသူရွာသားအချို့ပါ စစ်ကောင်စီမှ ဖမ်းဆီးချုပ်နှောင်ထားသည်ဟု ဒေသခံများထံမှ သိရသည်။
မြို့ပြစီမံကိန်းဧရိယာတွင် လယ်ယာမြေနှင့် ခြံမြေများပါသွားသည့် ဒေသခံလူထု ၁၇၇ ဦးရှိပြီး ၎င်းတို့နစ်နာမှုအပေါ် စစ်ကောင်စီ၏ ပြည်ထောင်စု တိုင်းရင်းသား ရေးရာဝန်းကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့ ဌာနဦးစီးများထံ စာတင်ပြထားသော်လည်း တိကျသည့် ဖြေရှင်းဆောင်ရွက်ပေးမှုမရှိသည့်အပြင် ဒေသခံလူထုအချို့ပါ တရားစွဲပြီး အကျဉ်းထောင် အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု မြေသိမ်းခံထားရသည့် ရွာသားများက ပြောသည်။
“ အရင်ဝန်ကြီးချုပ်ဟောင်းနန်းခင်ထွေးမြင့်လက်ထက်က အကောင်ထည်ဖော်ဆောင်ခဲ့တဲ့ စီမံကိန်းမြေတွေကို စစ်ကောင်စီက စီမံကိန်းဧရိယာ ၉၂၈.၉၃ ဧက အထိ ချဲ့ထွင် သတ်မှတ်လာတော့ ရွာသားမြေတွေ အများကြီးပါသွားတယ်။ မြေလွတ်မြေရိုင်း ခေါင်းစဉ် တပ်ပြီး သတ်မှတ်တယ်။ ဒီနေရာက ဘိုးဘွားအစဉ်ဆက်က နေလာခဲ့ကြတာပါ။ ရွာသား ၂ ဦးကိုလည်း သူတို့တရားစွဲပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်” ဟု စီမံကိန်းဧရိယာ အနီးတွင် နေထိုင်သူဒေသခံတစ်ဦးက စက်တင်ဘာ ၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
အဆိုပါစီမံကိန်းသည် ဖားအံမြို့နယ် ကော့ထော်ကျေးနယ်နှင့် စံဖရီကျေးနယ်အနီး စံပံနှုံရွာအနားတွင် တောင်ကလေး တိုးချဲ့မြို့ပြစီမံကိန်းအမည်ဖြင့် နှစ် ၃ဝ စီမံကိန်းအား ယခင်ဝန်ကြီးချုပ်လက်ထက်တွင် ချမှတ်ထားခြင်းဖြစ်သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထိုစီမံကိန်းအား စစ်ကောင်စီက ပြန်လည်၍ အကောင် ထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ယခင်သတ်မှတ်ဧရိယာများထက် ထပ်တိုးချဲ့ လိုက်သည့် အတွက် ရွာသားမြေအများအပြား စီမံကိန်းဧရိယာထဲ ပါသွားခြင်းဖြစ်သည်ဟု ဖားအံမြို့ စစ်ကောင်စီနှင့်နီးစပ်သူများက ပြောသည်။
မြေသိမ်းခံရသည့် အခြားရွာသားတစ်ဦးကလည်း “ အရင်အစိုးရ လက်ထက်တုန်းက မသတ်မှတ်ထားတဲ့ ရွာထဲကမြေကွက်တွေ စစ်ကောင်စီက အကွက်ဖော်ပြီးတော့ ရောင်း တယ်။ ကိုယ့်မြေကွက်တွေက မြို့ပြစီမံကိန်းဝင်းမှာ ပါသွားတော့ ပြန်ဝယ်ရ တဲ့သဘော ဖြစ်သွားတယ်။ မြေလွတ်မြေရိုင်းဆိုပြီး သတ်မှတ်ထားတယ်။ တစ်ကွက်ကို ၁ဝ သိန်းက နေ ၁၂ သိန်းအထိ ပြန်ပေးရတာရှိတယ်။ ကျမတို့မြေနစ်နာမှုတွေကို ဘယ်ကို တိုင်ကြား ရမလဲ မသိတော့ဘူး။ တိုင်ပြန်တော့လည်း တရားပြန်စွဲတယ်။ ဖမ်းဆီးတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
မြို့ပြစီမံကိန်းကြောင့် တောင်ကလေး၊ စံဖရီ၊ စံပံနှုံးနှင့် ကော့ထော်ကျေးနယ်ရှိ ဒေသခံ လူထုများ၏ လယ်ခြံမြေများ သိမ်းဆည်းခံရကာ အဆိုပါစီမံကိန်းမြေကွက်တွင် ဌာနဆိုင် ရာဝန်ထမ်းများနှင့် စစ်တပ်အရာရှိများမှ ပိုင်ဆိုင်ရယူထားလျက်ရှိပြီး ဒေသခံရွာသားများမှ မဲနှိုက်စနစ်ဖြင့် ပေါက်မဲရရှိသူများကို မြေတစ်ကွက်ပေး၍ ပြည်နယ်အစိုးရထံ ကျပ် ၅ သိန်းခန့် ပြန်လည်ပေးရသည်ဟု ရွာသားများထံမှ သိရသည်။
တောင်ကလေးမြို့ပြစီမံကိန်းအတွင်း ဒေသခံများ မြေသိမ်းခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်စစ်ကောင်စီတာဝန်ရှိသူများကို ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ်မေးမြန်း၍ မရရှိပေ။



















