စက်တင်ဘာ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ (သထုံ)ခရိုင်၊ တပ်မဟာ(၁) နယ်မြေရှိ ငှက်ပျောတောကျေး နယ်၊ ချမ်းမြေ့ရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်၏ ထောင်ထားသည့် မြေမြှုပ် မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ခြေနှစ်ဖက်လုံး ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ မိုင်းနင်းမိသည့် အရပ်သားဆိုသူမှာ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ခက်တိုင်းရွာသား အသက် ၄၃ နှစ်အရွယ် ဦး အောင်ထန်းဖြစ်ပြီး စားဝတ်နေရေးခက်ခဲမှုကြောင့် ကျိုက်ထိုမြို့နယ်တွင် အငှားလုပ်သား(ကျပန်း)အနေဖြင့် လာ ရောက်လာကိုင်နေသူတစ်ဦးဖြစ်ပြီး ကျိုက်ထိုအခြေစိုက် (တပ်မ -၄၄) လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၈) တပ်စခန်းမှ ထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိ၍ခြေနှစ်ဖက်လုံး ထိခိုက်သွားသောကြောင့် အနီး ဝန်းကျင်ရှိ ကျေးရွာသားများက သထုံဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
ယခုလို ဒေသခံများ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ရရှိကြခြင်းအပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများအနေဖြင့် လုံခြုံမှုမရှိဘဲ အသက်ရှင် နေထိုင်ကြ ရကြောင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိဒေသခံများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းယူနေသည့် ကရင်လူအခွင့်အရေးအဖွဲ့၏ ပြောခွင့်ရှိသူ စောနန္ဒဆူးက မှတ်ချက်ပြု ပြောဆိုသည်။
၎င်းက“စကစရဲ့လက်နက်ကြီးနဲ့ မိုင်းထောင်ထားမှုတွေကြောင့် ဒေသခံတွေလုံခြုံမှုမရှိတော့ဘူး။ အိမ်ယာ တွေလည်း ပျက်စီးသလို ဒေသခံတွေက စိတ်ရော၊ ကိုယ်ရော လုံခြုံမှုမရှိတော့ဘူး။ ပြည်သူတွေလည်း စားဝတ် နေရေးတွေ အနှောင့်အယှက်ဖြစ်ပြီး ခက်ခဲလာတယ်။ ဥပမာလယ်ထဲကိုတောင် မသွားရဲတော့တဲ့ အခြေအနေ အထိဖြစ်နေတာပေါ့။ လူတွေအပြင် တိရစ္ဆာန်တွေလည်း သေကြေပျက်စီးခဲ့ရတယ်”ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် သထုံခရိုင်အတွင်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်များက ပြည်သူများနေထိုင်သည့် နေအိမ် များထဲရှိ တန်ဖိုးကြီးပစ္စည်းဥစ္စာများကို ခိုးယူခြင်း၊ မီးရှို့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်များ ကိုလည်း ပြုလုပ်နေလျက်ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဒေသတွင် စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေး လက်နက်ကိုင် အင်အားစုများအကြား မကြာခဏ တိုက်ပွဲ ပြင်းထန်နေပြီး အပြန်အလှန်ခြုံခိုတိုက်ခိုက်မှုများပြုလုပ်ကြသလို မိုင်းထောင်တိုက်ခိုက်မှုများလည်း ပြုလုပ်ကြသောကြောင့် ယခုလို အရပ်သားတစ်ဦး စစ်ကောင်စီ၏ မိုင်းနင်းမိ၍ ထိခိုက်ခြင်းဖြစ်ကြောင်း ကေအဲန် ယူက ထုတ်ပြန်ထားသော်လည်း မည်သည့်အဖွဲ့အစည်းထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ ကေအိုင်စီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း သိမ်ဇရပ်မြို့ ဝါးဒတ်ကွင်းရွာအနီးတွင် စစ်ကောင်စီတပ်များ ထောင် ထားသည့် မြေမြှုပ်မိုင်းကိုနင်းမိ၍ အသက် ၁၃ နှစ်အရွယ်ရှိသည့် ကလေးတစ်ဦးလည်း အသက် သေဆုံးခဲ့သေး သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းများထောင်ထားခြင်းသည် ကေအဲန်ယူတပ်မဟာ ၁ နယ်မြေအတွင်းရှိ ကျေးရွာများ အတွင်းသာမက အခြားသော ကေအဲန်ယူ တပ်မဟာများနှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေ အသီးသီး တွင်လည်း စစ်ကောင်စီတပ်ဘက်မှ ၎င်းတို့၏ စစ်စခန်းအနီးအနားဝန်းကျင်တစ်လျှောက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးလက်နေဒေသခံပြည်သူများ မိုင်းထိသည့်ဖြစ်စဉ်သည် အကြိမ်ရေပေါင်း ၈၀ အထိရှိခဲ့ပြီး ယခု ၂၀၂၃ ခုနှစ်တွင်လည်း မိုင်းထိသည့်ဖြစ်စဉ် ၁၃ ကြိမ်ရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG ၏ စာရင်းပြုစုချက်အရ သိရသည်။



















