Home သတင်း ဖြူး၊ အကြပ်အင်းရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးများတပ်ဆင်၍ ခြေကုပ်ယူထား

ဖြူး၊ အကြပ်အင်းရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးများတပ်ဆင်၍ ခြေကုပ်ယူထား

637
Photo: Crd.

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အကြပ်အင်းရွာအုပ်စုရှိ အကြပ်အင်းရွာသို့ ပြီးခဲ့သည့် အပတ်အတွင်းက ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ရွာအတွင်းခြေကုပ်ယူ၍ လက်နက်ကြီးများတပ်ဆင်ထားရှိကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်စဥ် လက်ရှိအချိန်အထိ ဒေသခံရွာသားများအား ဖမ်းဆီးခြိမ်းခြောက်မှု တစ်စုံတစ်ရာမရှိသေးသော်လည်း လက်နက်ကြီးများတပ်ဆင်ထားလာ၍ ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက “အဲဒီရွာက ကျော်လှရွာ အနောက်ဖက်ခြမ်းလောက် ကျတာပေါ့။ စစ်တပ်က အဲ့ရွာကို ဝင်ပြီးတပ်စွဲနေတာ ဆယ်ရက်ဝန်းကျင်လောက်တော့ရှိပြီ။ အခုက လက်နက်ကြီး လာဆင်ထားတာ။ ရွာထဲမှာ ရွာသားတွေတော့ နေလို့ရသေးတယ်။ ညဘက်ဆိုရင်သာ မီးလိုက် မှိတ်ခိုင်းတာမျိုး ရှိတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီက လာရောက် တပ်ဆင်ထားသောလက်နက်ကြီးများမှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းသို့ ချိန်ရွယ်ထားသော သဘောရှိကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။

“သူတို့က ယာယီစခန်းဆောက်တဲ့သဘောနဲ့ လက်နက်ကြီးလာထိုင်ထားတာ။ လောလောဆယ် အဲဒီရွာကရွာသားတွေကို နှောင့်ယှက်တာ ဘာညာတော့ ထူးထူးခြား ခြားသတင်းမကြားရသေးဘူး။ လက်နက်ကြီးတွေကတော့ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကို ချိန်ရွယ်ပစ်ခတ်မယ့် လက္ခဏာလို့ ကျနော်မြင်တယ်” ဟု အဆိုပါဒေသခံက ဆိုသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ကျေးရွာပေါင်းသုံးရာ နီးပါးရှိသော ရေတာရှည်၊ ရွှေကျင်၊ ညောင်လေးပင်နှင့် ကျောက်ကြီးမြို့နယ်တို့ရှိနေသလို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ဖြစ်ပွားသောနှစ်ဖက်တိုက်ပွဲများနှင့် စစ်ကောင်စီ၏လက်နက်ကြီးပစ်ကူမှုများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာနေရမှုများလည်း ရှိနေသော ဒေသလည်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လပိုင်းကလည်း ဖြူးမြို့နယ်၊ ကြာအင်းကျေးရွာအုပ်စုရှိ အထက်ကြာအင်းသို့ စစ်ကြောင်းဝင်ရောက်လာသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးအင်အားစုများ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက အောက်ကြာအင်းကျေးရွာသို့ ဆက်လက်ဝင်ရောက်၍ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ဒေသခံရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သေးသည်။

ယခုနှစ် ဇွန်လပိုင်းမှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ(၂)လှုပ်ရှားမှုနယ်မြေဖြစ်သော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးမြို့နယ် အပါအဝင် မြို့နယ်အချို့တွင် နှစ်ဖက်တိုက်ပွဲများပိုမိုပြင်းထန်လာနေသလို ဒေသ အတွင်းရှိ လမ်းပိုင်းအချို့အား စစ်ရေးအရှိန်မြှင့်မည်ဖြစ်သဖြင့် အချိန် အကန့်အသတ်ဖြင့်သာ ဖြတ်သန်းသွားလာခြင်း ပြုလုပ်ရန် ၎င်းကွပ်ကဲရေးရုံးမှ ပြီးခဲ့သည့်ဇူလိုင်လအတွင်းက အသိပေးထုတ်ပြန်ထားသည်။