Home သတင်း ငွေစျေးမတည်ငြိမ်မှုကြောင့် ဘတ်ငွေ၊ ကျပ်ငွေအကြား ငွေကြေးကွာဟမှု မြင့်တက်လာနေ

ငွေစျေးမတည်ငြိမ်မှုကြောင့် ဘတ်ငွေ၊ ကျပ်ငွေအကြား ငွေကြေးကွာဟမှု မြင့်တက်လာနေ

3218

ဩဂုတ် ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ဒေသတွင် လတ်တလော ငွေစျေးမတည်ငြိမ်မှုကြောင့် မြန်မာ ကျပ်ငွေ၊ ထိုင်းဘတ်ငွေ လဲလှယ်သုံးစွဲကြသည့် ငွေကြေးစျေးနှုန်းငွေတန်ဖိုးနှစ်ခုအကြား ငွေလဲနှုန်း ကွာဟမှု မြင့်တက်လာနေသည်ဟု ငွေလဲလုပ်ငန်းလုပ်သူများက ကေအိုင်စီသို့ပြောသည်။

လက်ရှိ နယ်စပ် မြဝတီ-မဲဆောက်ဒေသတွင်း မြန်မာကျပ်ငွေ၊ ထိုင်းဘတ်ငွေလဲလှယ်သုံးစွဲကြသည့်ငွေကြေးစျေးနှုန်းမှာ ကျပ်ငွေ ၁၅၀၀ မှ ဘတ်ငွေ ၁၅၊ ၂၀ ဘတ် အထိ လဲလှယ်သုံးစွဲရသည့် အခြေ အနေရှိနေကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများတစ်ဦးက ယခုလို ပြောသည်။

“မြန်မာငွေ တစ်သိန်းငွေလဲတဲ့နှုန်းမှာ မြန်မာကျပ်ငွေ (၁,၅၀၀) ကျော်လောက် ကွာဟပြီးမှ ငွေလဲစျေး ကွက် ဖြစ်နေတာ။ အခုတော်တော် ဆိုးဆိုးရွားရွား ဖြစ်လာတယ်။ ဒီနေ့ ငွေကြေး ပေါက်စျေးက ဘတ် ငွေကနေ မြန်မာငွေကို လဲလှယ်ရင် ကျပ်တစ်သိန်းကို ဘတ်ငွေ (၉၆၅) ဘတ်ရ မှာဖြစ်ပြီး ကျပ်ငွေ တစ်သိန်းနဲ့ မြန်မာငွေကို ပြန်လဲလှယ်ယူမယ်ဆိုရင် ၉၅၀ ဘတ် ပြန်ရမယ်ဆိုတော့ ၁၅ ဘတ်ကွာ ဟနေတယ်။ မြန်မာငွေနဲ့တွက်မယ်ဆိုရင် ကျပ် ၁၅၀၀ လောက်ကွာဟပြီးမှ ငွေကြေးအလဲအ လှယ်လုပ်ကြတဲ့သဘောဖြစ်နေတယ်။” ဟု ၎င်းငွေလဲလုပ်ကိုင်သူက ပြောသည်။

ယခုလို ငွေလွဲနှုန်းကွာဟခြင်းမှာ စစ်ကောင်စီ စီးပွားရေးလုပ်ငန်းများအား နိုင်ငံတကာမှ ပိတ်ဆို့ အရေး ယူမှုသတင်းများနှင့် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာငွေ သုံးစွဲမှုကို ကန့်သတ်ချက် ဥပဒေနှင့် အမိန့်များ မကြာခဏပြောင်းလဲသတ်မှတ်ကြေငြာချက်ထုတ်ပြန်မှုများလုပ်ဆောင်သည့် အခါတိုင်း နယ်စပ်ငွေကြေးစျေးနှုန်းများ မတည်မငြိမ်ဖြစ်သည့်အတွက် ငွေလဲလှယ်နှုန်းထားများ ကွာဟမှု မြင့်တက် လာနေခြင်းဖြစ်ကြောင်း မြဝတီကုန်သည်ကြီးများအသင်းဝင်ကုန်သည်တစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီ နိုင်ငံခြားငွေ အလွဲအပြောင်းလုပ်တဲ့ MFTB နဲ့ MICB ဘဏ်ကြီးနှစ်ခု ဇွန်လ ၂၁ ရက်က အမေရိကန်က စီးပွားရေးပိတ်ဆို့အရေးယူခံရတယ်။ ဘတ်စျေးက မြန်မာငွေတစ်သိန်းကို ဘတ် (၁,၁၀၀) ဖြစ်သွားတယ်။ မြန်မာကျပ်နှစ်သောင်းတန် အသစ်ထုတ်တယ်၊ နောက်တစ်ခါ စင်ကာပူ ဘဏ်တွေက စစ်ကောင်စီဘဏ်တွေကို အဆက်ဖြတ်လိုက်တယ်။ ငွေစျေးက ဘတ် ၁၀၀၀ အောက် ထပ်ကျသွားတယ်။ အခု တစ်ခါ စစ်ကောင်စီက ထိုင်းဘတ်ငွေကို နိုင်ငံခြားငွေ ပြောင်လဲသုံးစွဲကြဖို့ စာထုတ်တယ်။ ခု ၉၅၀ ဘတ် အောက်ကို ထပ်ကျဖို့စျေးတွေလှုပ်နေပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီက မြန်မာနိုင်ငံသားများအနေဖြင့် ဒေါ်လာငွေကို လက်ဝယ်ထားရှိလျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း၊ ဒေါ်လာငွေကို ဘဏ်တွင်အပ်နှံပြီး ကျပ်ငွေနှင့်လဲ လှယ်ရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားသည့်အတွက် မြန်မာငွေကြေးတန်ဖိုးထပ်ကျ လာရန်သာရှိသည်ဟု အဆိုပါ ကုန်သည်က ဆက်ပြောသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီအာရှလမ်းသစ်လမ်းပိုင်းမှ ပို့ကုန်သွင်းကုန်များ ပြန်လည်သွားလာ ခွင့်ရရှိနေပြီးဖြစ်သော်လည်း ကုန်စည်ကားများ၊ ခရီးသည်တင်ကားများ၊ ဒေသခံကားများ၊ ဆိုင်ကယ် များက နယ်ခြားစောင့်(BGF)၊ စစ်ကောင်စီတပ်တို့မှ ငွေကြေးတောင်းယူသည့် ဂိတ် ၁၅ ခုခန့်အား ဂိတ်ဖြတ်ကြေး ငွေသိန်းချီပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရသည့် အခြေအနေဖြစ်နေကြောင်း အသွားအလာပြုလုပ်သည့် ယာဉ်မောင်းသမားများက ဆိုသည်။

ထိုသို့ နယ်စပ်ကုန်စည်များအတွက် ကုန်ဝယ်ဘတ်ငွေစျေး၊ ကုန်စည်သယ်ဆောင်ရသည့် ဂိတ်ကြေး၊ ကားကြေး၊ မောင်းကြေးစရိတ် များအပြင် ထိုင်းဘတ်ငွေ၊ မြန်မာကျပ်ငွေလဲနှုန်းကွာဟမှုများကို ထပ်ပေါင်းတွက်ချက်ပြီးမှ စျေးကွက်ဖွင့် ရောင်းဝယ်တင်ပို့ရသည့် အခြေအနေဖြစ်သည့်အတွက် ပြည်တွင်းကုန်စည်စျေးနှုန်းများ ဆက်လက်မြင့်တက်လာနိုင်ကြောင်းလည်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောဆိုကြသည်။