Home ဆောင်းပါး ဖြစ်တည်မှုအပေါ် စာနာသည့် လူမှုရပ်၀န်းတစ်ခု တည်ဆောက်ကြစို့

ဖြစ်တည်မှုအပေါ် စာနာသည့် လူမှုရပ်၀န်းတစ်ခု တည်ဆောက်ကြစို့

856

ဖြစ်တည်မှုအပေါ် စာနာသည့် လူမှုရပ်၀န်းတစ်ခု တည်ဆောက်ကြစို့

ဖော့တန် (ဩဂုတ် ၃၀ ရက်၊ ၂ဝ၂၃ခုနှစ်)

ယနေ့ခတ်လူမှုကွန်ရက်စာမျက်နှာပေါ်ဝယ် လိင်တူချစ်တူကရင်လူငယ်တချို့က လူမြင်ကွင်း တွင်သွားလာနေကြသည့်ပုံများ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ဖော်ပြလာကြသည်။

ယင်းမြင်ကွင်းများသည် ပြင်ပလူမှုဝန်းကျင်တွင်လည်း အထူးအဆန်းမဟုတ်တော့သည့်မြင်ကွင်း လိုပင် ဖြစ်လာနေကြပြီးဖြစ်သည်။

အချို့မှာ အမျိုးသမီးအချင်းချင်းဖြစ်ပြီး တစ်ချို့မှာ အမျိုးသားအချင်းချင်း သမီးရည်းစားအဖြစ် သူတို့၏အချစ်ကမ္ဘာလေးများကို ပုံဖော်နေပြသနေကြသည်။ လိင်တူချစ်ခြင်းမေတ္တာသည် တစ်ဦးအပေါ် တစ်ဦးက ချစ်ခြင်းမေတ္တာထားကြသည်ဖြစ်၍ တခြားသူတို့၏ ချစ်ခြင်းမေတ္တာများနှင့် မကွဲပြားလှသည်မို့ သာမန်အခြေအနေဖြင့်သာ လက်ခံရှုမြင်ထားကြသူများလည်း ရှိသည်။

အထူးသဖြင့် ကရင်အမျိုးသား LGBT လိင်တူချစ်ခြင်းအားခံယူထားသူ စာရေးဆရာမ စောဟန် နွေဦး(ခ) နော်ဟဲနေထူးနှင့် အမျိုးသားမှအမျိုးသမီးအဖြစ်ခံယူထားသူဖြစ်ကြသည့် နော်သဒေါ့နှင့် ဆူစီတို့လို ကရင်လူမှုအသိုင်းအဝိုင်းများအကြား လူသိများသူများသည် ၎င်းတို့၏ ဖြစ်တည်မှုကို ပွင့်ပွင့်လင်းလင်းချပြလာသူများဖြစ်ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အမျိုးသားအချင်းချင်း ကရင်ရိုးရာဝတ်စုံဖြင့် လက်ထပ်ထိမ်းမြားသည် ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ထားကြသည်။ ထိုသို့ပြုမှုဆောင်ရွက်မှုကြောင့် KNU -ကရင် အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်နေ့စွဲဖြင့် ကော်သူး လေရာဇဝတ်ဥပဒေနှင့် ဆန့်ကျင်နေသည်ဖြစ်၍ အဆိုပါ လက်ထပ်ထိမ်းမြားသည့် အမျိုးသား နှစ်ဦးထံတွင် အသိပေးအကြောင်းကြားစာပေးပို့ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ဖြစ်စဉ်အပေါ် KNU ဗဟိုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ပဒိုနော်ဒါးဒါး က “လိင်တူချင်းလက်ထပ်တယ်ဆိုတာ သတင်းကြားတယ်။ ဒါပေမယ့်လို့ လက်ထပ်တဲ့လူတွေက ကရင်လူမျိုးတွေ မဟုတ်ဘူးပေါ့နော်။ တခြားလူမျိုးကွဲတွေဖြစ်တယ်။ ကျမတို့ ကရင်နယ်မြေမှာ ခုလို လုပ်တာက ကရင်ထုံးတမ်းအစဉ်အလာယဉ်ကျေးမှုမှာလည်း မရှိခဲ့ဘူး။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ကျမတို့ ယဉ်ကျေးမှုကို ထိခိုက်စေတယ်။ လက်ခံလို့မရဘူး။ ကျမတို့ယဉ်ကျေးမှုစော်ကားတယ်လို့ပဲ မြင်တယ် ပေ့ါနော်” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁ဝ ရက်နေ့တွင် ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အစည်းအရုံး ကွန်ဂရက် အပြီး ပထမဦးဆုံး ရက်(၁၀၀)အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် လိင်တူချင်း လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာန၏ မေးမြန်းမှုအပေါ် ပဒိုနော် ဒါးဒါးက ထိုသို့ ဖြေကြားပြောဆိုထားခြင်းဖြစ်သည်။

အထူးသဖြင့် ကရင်ပြည်နယ်ရှိ နေထိုင်သည့်လူမျိုးစုအသီးသီးတို့တွင် ပွင့်လင်းလွတ်လပ်သည့် အိမ်နီးချင်းထိုင်းနိုင်ငံသားတို့၏ ယဉ်ကျေးမှုခေတ်ပေါ်လူနေမှုစနစ်တို့နှင့် မစိမ်းလှပေ။ သူတို့၏ လူမှု အသုံးအဆောင်ပစ္စည်း နေထိုင်မှုပုံစံ ဝတ်စားဆင်ယင်မှုတို့တွင် ယနေ့ခေတ်ကရင်ပြည်နယ်ရှိ လူငယ် များ၏ လူမှုဘဝနေထိုင်မှုသည် ထိုင်းနိုင်ငံခေတ်ပေါ်လူမှုဘဝနေထိုင်မှုက လွှမ်းမိုးထားသည်ကို မြင်တွေ့ရသည်။

ဆံပင်ကုတ်ဝဲရှည်ထားပြီး ဂျင်းဘောင်းဘီအပွ၊ ရှပ်အင်္ကျီအနက် ဝတ်ဆင်သည့် ထိုင်းနိုင်ငံ လူငယ် တို့၏ (ထွန်းကြိုင်)ခေတ်ပေါ်ဝတ်စားဆင်ယင်မှုများသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရှိ လူငယ်များ မှာပင် အစုအဖွဲ့အနေဖြင့် စုဖွဲ့ကြပြီး ထိုခေတ်ပေါ်ယဉ်ကျေးမှုကို လက်ခံထားကြသည်။

အလားတူပင် ယနေ့ထိုင်းနိုင်ငံတွင် ခေတ်စားလာကြသည့် လိင်တူချစ်သူ၊ မွေးရာပါ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့အား ခွဲစိတ်ပြုပြင်ခြင်းနှင့် လိင်အင်္ဂါခွဲစိတ်ပြုပြင်ခြင်းများတွင်လည်း ယနေ့ ခေတ်လူ ငယ်အချို့ စိတ်ဝင်စားကြပြီး ထိုပြုမှုဆောင်ရွက်မှုများအား လက်ခံထားကြသူများလည်းရှိသည်။

လူသားတို့အချင်းချင်း မည်သို့ပင် မတူကွဲပြားလှသည့် ချစ်ခြင်းတရားများအား လက်ခံထား ကြပါမူ လူမှုလောကဝန်းကျင်အပေါ် အဆိပ်အတောက်မရှိနိုင်သလို ထိုချစ်ခြင်းမေတ္တာများ ကြောင့် သည်လည်း လူအချင်းချင်းများကြား၊ တစ်ဦးအပေါ်တစ်ဦးအကြား ပဋိပက္ခဖြစ်ပွားမှုများ မတွေ့ကြရ သေးပေ။

ထိုသို့မတူကွဲပြားသည့်ချစ်ခြင်းတရားများအား အခြားတစ်ပါးသူများက ပြုပြင်ကန့်သတ်တား မြစ်နိုင်သည့် အရာလည်းမဟုတ်သလို ထိုသို့လိင်တူချစ်ခင်စုံမက်မှုသည် ရောဂါတစ်ခုလည်း မဟုတ် ပြန်၍ ကုသနိုင်သည့်အရာလည်း မဟုတ်ပေ။ လူသားတို့၏ မွေးရာပါ ဖြစ်တည်လာမှုအပေါ် ထိုသူတို့က ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု လူ့အခွင့်အရေးရှုထောင့်ဘက်တွင် ပြောဆိုထားသည်။

“ဓမ္မတာ” လူ့သဘာဝတရားက တည်ရှိနေသည့်အရာမဟုတ်ဘဲ အမျိုးသားအချင်းချင်း၊ အမျိုး သမီးအချင်းချင်းကြား လိင်တူချစ်ခင်ဆုံမက်ကြသည့်အရာသည် ယနေ့ခေတ် ၂၁ ရာစု လူမှုဝန်းကျင်တွင် ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြသည်။ ထိုသို့နက်ရှိုင်းလှသည့် လိင်တူချစ်ခြင်း လက်ခံ ထားကြသူအရေးအရာတွင် လူမျိုးစုအသီးသီးများက ယနေ့ထိအငြင်းပွားပြောဆိုနေကြဆဲဖြစ်သည်။

အမျိုးသားအချင်းချင်း၊ အမျိုးသမီးအချင်းချင်း လိင်တူချင်းပေါင်းသင်းလက်ထပ်မည်ဆိုလျှင် မိရိုးဖလာဓလေ့ထုံးတမ်းအမြင်များဖြင့် ရှုူမြင်ထားကြသူရှိသလို လူသားတို့၏ လူ့အခွင့်အရေးရှု ထောင့်အရဖြင့်လည်း ရှုမြင်ထားကြသူများ ရှိသည်။

မည်သို့သော်ရှုမြင်ထားကြပါမူ လိင်တူချစ်ခြင်းလက်ထပ်ပေါင်းသင်းမှုသည် ယဉ်ကျေးမှု အရ ဖြစ်စေ၊ လူသားတို့၏ မွေးရာပါဖြစ်တည်မှုအရဖြစ်စေ ထိုလိင်တူချစ်ခြင်းအစုအဖွဲ့သည် လူမှုလောကကို ဒုက္ခများသယ်ဆောင်သူများမဟုတ်ဘဲ ၎င်းတို့ခံယူထားသည့် ချစ်ခြင်းမေတ္တာဖြင့်သာ ပြုမှုဆောင်ရွက် နေကြသည်ဖြစ်၍ လူမှုလောကတွင် ဖယ်ကျဉ်ခံထား၍မရဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

ကရင့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဥပဒေပြန်ဌာန်းချက်တို့တွင် လိင်တူထိမ်းမြားလက် ထပ်ခြင်းကို လက်ခံထားခြင်း မရှိသေးပေ။ လိင်တူထိမ်းမြားလက်ထပ်ခြင်းသည် လူသားတို့၏ ဓမ္မတာနှင့် ဆန့်ကျင်နေသည့်အရာဖြစ်၍ လက်ခံထားမှုမရှိခြင်းဖြစ်သည်ဟု ကရင်စာပေယဉ်ကျေးမှု အသိုင်းအဝိုင်း များက ပြောဆိုသည်။

LGBT လိင်တူချစ်ခြင်းလက်ခံထားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးကမူ “ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှုတွေကျ အသံမထွက်ဘဲ လိင်တူလက်ထပ်မှ ဟိုဘိုး တော်ဘုရား ခေတ်က ဥပဒေ တွေထုတ်ပြ၊ ကိုင်ပေါက်တာကတော့ အရမ်းရုပ်ပေါက်လွန်းပါတယ်။”ဟု ဝေဖန်ထောက်ပြပြောဆိုလိုက်သည်။

ခေတ်ကာလနှင့်မလျော်ညီတော့သည့် ဥပဒေပြန်ဌာန်းချက်အချို့ကို ပြုပြင်ရန်လိုအပ်မည်ဖြစ်ပြီး လူနည်းစုအပေါ် ပစ်မှတ်ထားသည့် ပြဌာန်းချက်များအား လူ့အခွင့်အရေးစံချိန်စံညွှန်းနှင့်အညီ ပြောင်း လဲပြင်ဆင်ကြရန် လိုအပ်မည်ဖြစ်ကာ အားလုံးတိုင်ပင်ဆွေးနွေး ညှိနှိုင်းအဖြေရှာသွားရန်လည်း လိုအပ် နေအုံးမည်ဟု လိင်တူချစ်သူများက ထောက်ပြပြောဆိုထားသည်။

လိင်တူလက်ထပ်ထိမ်းမြားခြင်းသည် ဓမ္မတာနှင့်ဆန့်ကျင်သည့်အတွက် ကော်သူးလေရာဇဝတ် ဥပဒေပုဒ်မ ၂၃၈ အရ ထောင်ဒဏ် ၅ နှင့် ငွေဒဏ်ပါချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ လိင်တူလက် ထပ်ထိမ်းမြားမှုသည် ထိုသို့ပြစ်ဒဏ်အထိ ပြဌာန်းထားသည်ကို တွေ့ရှိရသည်။ အဆိုပါပြဌာန်းချက်သည် လူသားတို့၏ မွေးရာပါဖြစ်တည်နေမှုနှင့် လူတစ်ဦးချင်းအခွင့်အရေးအား ဟန့်တားမှုမျိုးသက်ရောက် စေသည်ဟု လူ့အခွင့်အရေးဆောင်ရွက်သူများက ထောက်ပြဝေဖန်မှုများလည်း ရှိသည်။

“ သူတို့ချစ်လို့ ကြိုက်လို့ယူတဲ့ကိစ္စလေ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာတာမှ မရှိဘူး။ သူတို့ အခွင့် အရေးပဲ၊ ကျမတို့က ဘာမှမပြောလိုဘူး။ အဆိုးတစ်ခုလို မမြင်မိပါဘူး။ ခုခေတ်ကာလပွင့် လင်းလာ တဲ့ ခေတ်မှာ လိုက်ပိတ်ပင်နေတာလည်း အကျိုးမရှိဘူး။ တရားဝင်လက်ထပ်ထိမ်းမြားတာလည်း လက်ခံ တယ်။ သူတို့ချစ်လို့ကြိုက်လို့ယူကြတာပါပဲ” ဟု ကော့ကရိတ်မြို့နေ ကရင်တိုင်းရင်းသူနော်ထူးထူးက သူ့အမြင်နှင့် သဘောထားကို ပြောသည်။

လူသားတို့၏ မွေးဖွားဖြစ်တည်နေမှုအပေါ် လိင်တူချင်းချစ်ခြင်းကြိုက်ချင်း၊ လိင်ကွဲမှုချစ်ခြင်း ကြိုက်ခြင်းသည် ညှိယူ၍လည်းမရနိုင်သလို ရောဂါတစ်ခုအနေဖြင့်မဟုတ်သဖြင့် ကုသ၍လည်း မရပြန် ပေ။ လူ့အခွင့်အရေးအရလည်း လူတစ်ဦးချင်းအပေါ် ၎င်းတို့ပြုမှုနေထိုင်ဆောင်ရွက်သည့်အရာတွင် မည်သူ့ကို မျှမထိခိုက်လျှင် လွတ်လပ်စွာဆုံးဖြတ်ပြုမှုခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် LGBT လိင်တူချစ်သူ အခွင့်အရေးများကို အတိုင်းအတာ တစ်ခုထိ ခွင့်ပြုပေးခဲ့ကြသည်။ ဥပမာအားဖြင့် LGBT လိင်တူချစ်သူအစုအဖွဲ့တို့၏ ၎င်းတို့ အခွင့်အရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ လွတ်လပ်စွာဦးဆောင် ဆောင်ရွက်ခွင့်ရခဲ့ကြသည်။ အသက်မွေးဝမ်းကျောင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်းများအထိ သူတို့အား နေရာပေးထားပြီး ခွဲခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ သို့သော်လည်း လိင်တူလက်ထပ်ထိမ်းမြားမှုကိစ္စတွင်မူ မြန်မာနိုင်ငံတွင် ယနေ့ အချိန်ထိ တစ်စုံတစ်ရာခွင့်ပြုထားခြင်း မတွေ့ရသေးပေ။

ကမ္ဘာ့နိုင်ငံအများစုတွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဟု အသီးသီး ထုတ်ပြန်ကြေညာ ထားသော်ငြားလည်း နိုင်ငံအချို့မှာသာ လိင်တူလက်ထပ်ထိမ်းမြားမှုကို လက်ခံကြပြီး အာရှနိုင်ငံများ ထဲတွင် ပထမဦးဆုံးအနေဖြင့် ထိုင်ဝမ်းနိုင်ငံတစ်နိုင်ငံထဲသာ လိင်တူလက်ထပ်ထိမ်းမြားခြင်းကို ခွင့်ပြုထားသေးသည်ဟု လေ့လာတွေ့ရှိရသည်။

လိင်တူချစ်ခြင်းစုံမက်မှုအပိုင်းတွင် လိင်တူချင်း၊ အမျိုးသမီးအချင်းချင်း၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်၍ အတူပေါင်းသင်းနေထိုင်သည်များလည်း ပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်ကြမည်။ ၎င်းတို့ အတူပေါင်းသင်းနေထိုင်သွားလာမှုကို ဥပဒေက တားမြစ်မထားကြပေ။ KNU ၏ ရာဇဝတ်မှု ဥပဒေ ထဲတွင်လည်း တားမြစ်မထားထားသည်ကို လေ့လာတွေ့ရှိရသည်။

ထို့ကြောင့် လိင်တူချစ်သူများအနေဖြင့် မိမိတို့ချစ်ခြင်းစုံမက်မှုအပေါ်အတူပေါင်းသင်း နေ ထိုင် မှုတွင် ဥပဒေအရ တားမြစ်မထားသော်လည်း တရားဝင်လက်ထပ်ထိမ်းမြားမှုအဆင့်တွင် ဥပဒေက တားမြစ်ထားကြပြန်သည်။

KNU အထွေထွေအတွင်းအရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ ပြည်သူလူထုတွေရဲ့ နေထိုင်မှုတွေ မိရိုးဖလာကျင့်ထုံးတွေကအစ အားလုံးကိုသုံးသပ်ပြီးတော့ အထူးသဖြင့် LGBT အခွင့်အရေးလိုဟာမျိုးကို ပညာပေးနိုင်တဲ့အနေအထား မရှိသေးပါဘူး။ ကျနော်တို့ လူ့အဖွဲ့အစည်းကလည်း ဒီဟာကိုလက်ခံနိုင်တဲ့ အနေအထားမရှိသေးပါဘူး။ လူ့အခွင့်အရေးကျင့်သုံးတဲ့နေရာမှာ မိမိအခွင့်အရေးကျင့်သုံးမှုက ကိုယ့်ရဲ့ လူမှုအစုအဖွဲ့တွေကို သွားမထိခိုက်ဖို့ကိုလည်း အရေးကြီးတယ်။ တစ်ဦးချင်းရပိုင်ခွင့်အသုံးချမှုကို လေး စားတယ်။ သို့သော်တစ်ဦးချင်း ရပိုင်ခွင့်သုံးချမှုကြောင့် မိမိရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းမတူညီတဲ့ လူမှုအဖွဲ့အစည်းအတွက် အနှောင့်အယှက်မဖြစ်ဖို့ဆိုတာလည်း လိုအပ်တယ်” ဟု ဩဂုတ် ၁ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ကရင်လူမျိုးတို့အနေဖြင့် လိင်တူလက်ထပ်ထိမ်းမြားမှုတွင် ဥပဒေအရ တားမြစ်ထား လျက်ရှိသော်လည်း ၎င်းတို့၏နေထိုင်မှုနှင့် လူမှုဝန်းကျင်များတွင် ခွဲခြားရှုတ်ချခြင်းမျိုးမတွေ့ရပေ။ အလှအပဖန်တီးသည့်နေရာများနှင့် အတတ်ပညာရပ်အသီးသီးတို့တွင်လည်း LGBT အဖြစ် ခံယူထားသူအချို့က ဦးဆောင်နေကြသည်ကိုလည်း မြင်တွေ့ရသည်။

သို့သော်လည်း ၎င်းတို့အား လူမှုရေးအရရော လူသားဖြစ်တည်မှုအရပါ လက်ခံထားသည်ထက် သူတို့၏ ဖြစ်တည်မှုအပေါ်တွင် ဥပဒေအရ ပိတ်ပင်တားဆီးထားခြင်းမျိုးရှိမနေသင့်တော့ဟု လိင်တူချစ် သူမဟုတ်သည့် ကရင်လူငယ်အများစုက ပြောဆိုကြသည်။ သူတို့၏ လိင်တူလက်ထပ်ခြင်းအား ခွင့် မပြုနိုင်သေးသည့်တိုင်အောင် အတိုင်းအတာတစ်ခုထိ နားလည်ပေးစေလိုသည်ဟု ထို ကရင်လူငယ်များက ပြောဆိုသည်။

“ ဥပဒေကြီးကို မကောင်းမှန်းသိတယ် အဆင်မပြေမှန်းသိတယ်။ မပြင်နိုင်သေးဘူးဆိုရင်တောင် အားလုံးသဘောတူညီတဲ့ ဆွေးနွေးချက်မျိုး ထွက်လာဖို့ စောအနေနဲ့ မျှော်လင့်ပါတယ်” ဟု လိင်စိတ်ခံယူ မှုကွဲပြားသူ (သို့မဟုတ်) လိင်တူချစ်ခြင်းလက်ခံထားသူ စာရေးဆရာမ စောဟန်နွေဦး(ခ) နော်ဟဲနေထူးက ပြောဆိုပါသည်။

အသား၊ အရောင်၊ ကျား၊ မ လိင်တူနှစ်သက်မှု လိင်ကွဲချစ်ခင်စုံမက် ဖြစ်တည်မှုများသည် ဘာသာ ရေးအရ အတိတ်က ပြုလုပ်ခဲ့သည့်ကံများနှင့် အချို့က ပုံချတတ်ကြသည်။ လူသားတို့၏ မွေးရာပါမတူ ကွဲပြားသည့် ဖြစ်တည်မှုဖြစ်၍ ပြုလွယ်ပြင်လွယ် ကုသ၍မရပေ။ မွေးရာပါဖြစ်တည်မှုအား မိမိကိုယ်တိုင်က အားလုံးလက်မခံနိုင်သည့်တိုင်အောင် လက်ခံကြရချည်းသာ ဖြစ်သည်။

ရိုးရာဓလေ့ထုံးတမ်းများကြားနှင့်ဘာသာရေးအချို့အယူဆကြားတွင် လိင်တူချစ်သူ LGBT တို့၏ ငြိမ်းချမ်းသည့် အချစ်ကမ္ဘာတစ်ခု ပိုမိုပီပြင်လာစေရန်နှင့် မတူညီကြသည့် လူမှုအစုအဖွဲ့များကြားတွင် ပိုမိုသိရှိနားလည်လာစေရန် လူမျိုးစုအသီးသီးကြားတွင် ပညာပေးမှုများလိုအပ်နေအုံးမည်ဖြစ်သည်ဟု ကရင်လူမှုအသိုင်းအဝန်းများက ထောက်ပြပြောဆိုသည်။

ကရင်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှု ဦးဆောင်သူတစ်ဦးက “လိင်တူလက်ထပ်မှုဟာ တရားဝင် ခွင့်ပြုလို့ မသင့်တဲ့ကိစ္စပဲ။ လိင်တူဆိုတာတော့ မျိုးပွားလို့လည်း မရဘူး။ ကျနော်တို့ လူမျိုးရေရှည် တည် တံ့ဖို့အတွက်က မျိုးပွားဖို့လိုတယ်။ ယဉ်ကျေးမှုအရကိုလည်း လိင်တူလက်ထပ်မင်္ဂလာဆောင်တို့ လက် ထပ်စာချုပ်တို့ မရှိဘူး။ အသိမှတ်ပြုထားတာလည်း မရှိဘူး။ ကန့်ကွက်သလားလိုဆိုပြန်တော့ ပေါ်တင်ကန့်ကွက်တာလည်း မရှိဘူး။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုအရတော့ မတားမြစ်သင့်ဘူး ပေါ့လေ” ဟု ပြောသည်။

ကရင်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးတမ်းတွင် ကြက်မတွန်သည်သော် အတိတ်နိမိတ်မကောင်းဟု ယူဆလက်ခံထားကြပြီး သက်ရှိသတ္တဝါများ လိင်တူချင်းချင်း မျိုးအုပ်စုကွဲပြားမှုအပေါ် လိင်ဆက်ဆံမှုပြု လျှင် လက်ခံမထားကောင်းဟု ယနေ့ထိ လက်ခံယုံကြည်ထားဆဲဖြစ်နေသည်။ ၎င်းတို့၏ ယဉ်ကျေးမှုအရ တွင်လည်း မတင့်တယ်မသင့်လှသည်ဟု ကရင်လူမျိုးအများစုက နားလည်ထားကြသည်။

“ လိင်တူကိစ္စက ပြုပြင်လို့ မရဘူး။ ကုသလို့မရဘူး။ ဒါက သူဟာသူဖြစ်တည်လာတဲ့အရာပေါ့ နော်။ ယောက်ျားအချင်းချင်း စိတ်ဝင်စားတာ၊ မိန်းမအချင်းချင်းစိတ်ဝင်စားတွေက ကျနော်တို့ သွားတား လို့မရတဲ့အတွက်ကြောင့်မို ဥပဒေအရက သူတို့ကိုလည်း အကာကွယ်ပြုသင့်တယ်ပေါ့နော်။ KNU အနေ နဲ့ ဒီကိစ္စကို သင့်တင့်မျှတစွာ ကိုင်တွယ်သင့်တယ်ပေါ့နော်။ အဆင်သင့်မဖြစ်တဲ့အချိန်မှာ သွားပြီး ခွင့်ပြုလိုက်တာမျိုးကျတော့လည်း ပြန်ပြီးစဉ်းစားရမှာပေါ့နော်” ဟု လူငယ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စောအဲလ်ဘတ်ချိုက ထောက်ပြပြောဆိုသည်။

မည်သို့ပင်ဖြစ်စေ လူသားတို့၏ ကမ္ဘာလူသားတို့ချစ်ခြင်းမေတ္တာတို့သည် တစ်ထပ် တည်း မကျနိုင်သော်လည်း မတူကွဲပြားသည့် လူမှုအစုအဖွဲ့များကြားတွင် တစ်ဦးချင်းဖြစ်တည်မှုအပေါ်တွင် အပြန်အလှန်နာလည်းမှုထားနိုင်ကြမှ မျှတသည့် လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာမည်။ လူသားအဖြစ် မွေးဖွားဖြစ်တည်လာချင်းတူတူ မွေးရာပါ လိင်တူချစ်ခင် စုံမက်ကြသည့်အပေါ် လူမှုဝန်းကျင်တွင် မည်သည့်ဖယ်ကျဉ်မှုမျိုး၊ ခွဲခြားဆက်ဆံခြင်းများ မခံရသင့်ကြောင်းကို တင်ပြလိုက်ပါသည်။ …