Home သတင်း ကရင်ဖြူဒေသတွင် စီးပွားဖြစ်မျှစ်လာချိုးသူများ၍ ဒေသခံများ အခက်ကြုံ

ကရင်ဖြူဒေသတွင် စီးပွားဖြစ်မျှစ်လာချိုးသူများ၍ ဒေသခံများ အခက်ကြုံ

994
Photo: CJ

ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

နေပြည်တော်ကောင်စီနယ်မြေ အရှေ့ဘက်ခြမ်းရှိ ကရင်ဖြူမျိုးနွယ်စုအများစုနေထိုင်ရာ တောင်ပေါ်ဒေသတွင် ယခုလို မျှစ်ပေါ်ရာသီတွင် အပြင်လူများမှ စီးပွားဖြစ်မျှစ်လာချိုးသူများလာသည့်အတွက် ဒေသခံ များ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

ထိုသို့ စီးပွားဖြစ် မျှစ်လာချိုးသူများသည် အုပ်စုလိုက်နှင့် ဝင်လာသည့်အတွက် ဥယျာဉ်ခြံထဲရှိ ဒေသခံ စိုက် ထား သည့် မျှစ်များချိုးသည့်အပြင် အခြားခြံထွက်သီးနှံများကိုပါ ခိုးယူခူးနေကြသောကြောင့် ဒေသအတွင်းရှိ ဥယျာဉ်ခြံသမားများအခက်တွေ့နေရကြောင်း ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဒေသခံခြံပိုင်ရှင်တစ်ဦက “ဧည့်သည်တွေကိုတော့ တတ်သလောက်ထိန်းချုပ်တယ် ။ ထိန်းချုပ်ရတဲ့ အကြောင်းရင်းက မျှစ်တစ်မျိုးထဲချိုးတာမဟုတ်ဘူး။ ခြံထဲက သီးနှံတွေ၊ ဓညင်းသီးတွေ အကုန်ခိုးခူးကြတယ်။ မိရင်တော့ ဓညင်းသီးဆိုရင် ပြန်ပေးတာရှိတယ်။ မမိရင်အကုန်ယူတယ်။ ခြံသမားတွေကလည်း အချိန်တိုင်းမစောင့်နိုင်ဘူး။ ဆိုးတာက ဓညင်းသီးဆိုရင် အပင်ပါခုတ်လှဲပစ်တယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မျှစ်လာခုတ်ယူသူများသည် ပျဉ်းမနား၊ လယ်ဝေး၊ ဧလာ၊ ရေနီ၊ တပ်ကုန်းနှင့် ဇေယျာသီရိနှင့် နေပြည် တော်စသည့် ဒေသဘက်မှ လာကြခြင်းဖြစ်ပြီး အဖွဲ့လိုက်နှင့် လာကြကာ တစ်ဖွဲ့လျှင် ဆိုင်ကယ်အစီး ၃၀မှ အစီး ၅၀ အထိရှိသည်ဟု ဒေသခံများက ပြောသည်။

နယ်မြေကျူးကျော် မျှစ်လာခုတ်သူများသည် အဖွဲ့နှင့်လာသည့်အတွက် ခြံအတွင်းမျှစ်မခုတ်ယူရန် သွားတားသည့် ခြံသမားများကိုလည်း ရံဖန်ရခါ တုတ်၊ ဓားထုတ်ကာ ပြည်လည်ရန်မူခံရခြင်းလည်းရှိကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“ ထိန်းချုပ်လို့တော့မရဘူး။ ဒါပေမယ့် ရွာဧရိယာထဲကိုတော့ ပေးမဝင်ဘူး။ ရွာပြင် ကားလမ်း ဘေးတစ်လျှောက်တော့ ချိုးကြတယ်။ တစ်ခါတစ်လေ ၃ ဖွဲ့အထိလာတယ်။ ရွာက အင်အား ခေါ်ပြီးသွားတားရတယ်။ တစ်ယောက်ထဲသွားရင် ကိုယ့်ကို ရန်မူပြီးရန်လုပ်ချင်သေးတယ်။ ဒါက ကျနော်တို့ရွာ ဘက်မှာပဲ ရှိသေးတယ်။ တစ်ခြားရွာတွေမှာလည်း အများကြီးသွားသေးတယ်”ဟု ၎င်းဒေသခံက ပြောသည်။

လက်ရှိအချိန်တွင် မျှစ်ထွက်ရာသီဖြစ်သည့်အတွက် ဒေသအတွင်းရှိ ဒေသခံများသည် မျှစ်များရောင်းချ၍ အသက် မွေးဝမ်းကျောင်းပြု ဝင်ငွေရှာလျက်ရှိရာ ဒေသထဲတွင် ရောင်းချသည့် မျှစ်အမျိုးအစားများဖြစ်သည့် မျှစ်ပြုတ်တစ်ပိဿာ-၈၅၀ ကျပ်၊ ဓါးလှီးယပ်တောင်- ၁၁၀ကျပ်နှင့် ရေပေါ်ထိုး ၈၀၀ ကျပ်စသည့် အမျိုးအစားသုံးမျိုးဖြင့် ရောင်းချကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသအတွင်းရှိ ထွက်ရှိသည့်မျှစ်များသည် မိတ္ထီလာ- ရမည်းသင်း- တပ်ကုန်း၊ ပဲခူးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်းလည်း ဒေသခံထံမှ သိရသည်။

ကရင်ဖြူမျိုးနွယ်စု အများဆုံးနေထိုင်ရာ တောင်ပေါ်ဒေသဖြစ်သည့် ရေနီအရှေ့ဘက်တောင်ပေါ်ဒေသ၊ ပင် လောင်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မျှစ်အများဆုံးထွက်ရှိပြီး ထိုဒေသရှိနေထိုင်သည့် ဒေသခံများသည် မျှစ်လုပ်ငန်းအပြင်၊ စပါး၊ နနွင်း၊ ကွမ်းရွက်၊ ဖာလာ စသည့် သီးနှံများစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြသည်ဟု သိရသည်။