Home သတင်း ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ကော့ကရိတ်မြို့လာရောက်ပြီးနောက် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့

ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ကော့ကရိတ်မြို့လာရောက်ပြီးနောက် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့

488

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီခန့် ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး လာရောက်ပြီးနောက် မြို့တွင်းလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

ကော့ကရိတ်မြို့တွင် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ အချို့တွေ့ဆုံကာ မျိုးစပါးနမူနာပေးအပ်ပွဲပြုလုပ်ကာ ပြန်သွားပြီးနောက် မြို့တွင်း ဗုံးသီးများကျရောက် ပေါက်ကွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

၎င်းက”ရေကြီးပြီးစပါးသေတဲ့သူတွေ မျိုးစပါးနမူနာလာပြပေးတာ။ နမူနာလာပေးပြီး ဓာတ်ပုံတွေရိုက်ပြီး စာရေးမတွေ အကုန်ပြန်သိမ်းတာပဲ။ မြန်မြန်တွေ့ဆုံမှု လုပ်ပြီး ပြန်သွားတယ်။ အပေါ်က မင်းအောင်လှိုင်ကို တင်ပြဖို့လုပ်တာပဲ ဖြစ်မယ်။ ပြန်သွားတဲ့ နောက်မှာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်တွင် အမှတ်(၄)ရပ်ကွက်၊ အလယ်ရွာမှ အရပ်သားနေအိမ်တစ်လုံး ပျက်စီးသွားကြောင်း မြို့နေ ပြည်သူများက ဆိုသည်။

“လက်နက်ကြီးကျတာ အလယ်ရွာ ရုပ်ရှင်ရုံဟောင်းအနောက်က အိမ်တစ် အိမ်ပျက်စီး သွားတယ်။ လူတော့ထိခိုက်မှုမရှိဘူး။ လက်နက်ကြီးက အမြဲတမ်းပစ်နေတော့ ဘယ်မှာ ကျလို့ကျမှန်းမသိဘူး။ အမြဲတမ်းအသံတွေ ကြားနေရတယ်။”ဟု အခြားမြို့ခံတစ်ဦးကလည်း ပြောသည်။

အဆိုပါ မြို့တွင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုမှာ မည်သည့် အဖွဲ့အစည်း လုပ်ဆောင်ကြောင်း သတင်းထုတ်ပြန်လာခြင်းမရှိသလို တော်လှန်ရေးအင်အားစုဘက်ကို ဆက်သွယ်မေးမြန်းသော်လည်း လမ်းခရီးတွင် ဖြစ်နေသောကြောင့် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်းသာ ပြန်လည်ဖြေဆိုထားသည်။

ပြည်နယ်ကောင်စီဥက္ကဋ္ဌသည် ဒေသခံများနှင့်တွေ့ဆုံချိန်တွင် လက်ရှိကုန်ဈေးနှုန်းများ အသီးသီး မြင့်တက်သဖြင့် မွေးမြူရေးများကို ဦးစားပေးလုပ်ဆောင်ရန်လည်း မှာ ကြာပြောဆိုသွားကြောင်း တွေ့ဆုံပွဲတက်ရောက်သူများက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲတက်ရောက်နားထောင်သူတစ်ဦးက “ကုန်ဈေးနှုန်းတွေဈေးတက်တော့ မွေးမြူရေးလုပ်ဖို့ ဆိတ်တွေ၊ နွားတွေမွေးဖို့ပြောသွားတယ်။ ကျနော်လည်း ပြောချင်တယ် ။ ရွာတွေမှာ လက်နက်ကြီးထိလို့ နွားတွေသေကုန်ပြီး ပြောလို့လည်း မရဲဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ်မြို့အနီး ကျေးရွာများတွင် ကော့ကရိတ်မြို့ စစ်‌ကောင်စီတပ် အခြေစိုက်စခန်းဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ-၉၇)တပ်နှင့် မြို့အနီး တပ်စွဲထား သည့်နေရာများမှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်သဖြင့် ကျေးရွာသား အချို့ထွက် ပြေးတိမ်းရှောင်ရကာ ကျွဲ၊ နွား၊ ဆိတ်စသည့် အိမ်မွေးတိရိစ္ဆာန်အများအပြား ထိခိုက် သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။