Home သတင်း ရာဇဝတ်မှုများမလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့် နာမည်ထွက်သောခေါင်းဆောင်အချို့ကို စစ်ဆေးအရေးယူမည်ဟု KNU ပြော

ရာဇဝတ်မှုများမလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့် နာမည်ထွက်သောခေါင်းဆောင်အချို့ကို စစ်ဆေးအရေးယူမည်ဟု KNU ပြော

1622
Photo: (ပုံဟောင်း)

မေလ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ရာဇဝတ်မှုများ မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုပြီး နာမည်ထွက်သော ကေအဲန်ယူခေါင်းဆောင်တချို့ကို ယခုကျင်းပနေသော (၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်၏ အသစ်ပြန်လည်ရွေးကောက်တင်မြောက်လာသည့် ခေါင်းဆောင်များမှ ဆက်လက်ထိန်းသိမ်းကြပ်မတ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU က ပြောဆိုလိုက်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည့် တရားမဝင်မြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်မှုရှိသော ခေါင်း ဆောင်များကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ(၅)မှ (၁၇)ကြိမ်မြောက် အဖွဲ့၏ ကွန်ဂရက်အစည်းအဝေးသို့ အကြံပြုချက်စာ ပေးပို့လာသည့်အပေါ် ကွန်ဂရက်တွင် ဆွေးနွေးဆုံးဖြတ်ကာ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ပြန်လည်ပေးပို့သည့် အကြောင်းပြန်စာတွင် ထိုသို့ ရေးသားဖော်ပြ ထားခြင်းဖြစ်သည်။

အဆိုပါ နာမည်ထွက်ခေါင်းဆောင်များသည် တရားမဝင်စီးပွားရေးလုပ်ငန်းများနှင့် ပါဝင်ပတ်သက်မှုရှိပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ မူဝါဒစည်းမျဉ်းစည်းကမ်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၁၇ ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်၌ ဆုံးဖြတ်ထားသည်ဟု အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

ဆက်လက်၍ ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ပဒိုစောရောဂျာခင်၊ ဗိုလ်မှူးချုပ် စောဖောဒို၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် (ဗိုလ်ချုပ်ကြီးစောဂျော်နီ)၏သား စောဒို့စိုး၊ ဗိုလ်မှူးကြီး စောဘ ချောနှင့် ပဒိုစောအယ်နာ စသည့် နာမည်ပါခေါင်းဆောင်များသည် ရာဇဝတ်မှုနှင့် မလွတ်ကင်းသည့် တရားမ ဝင်စီးပွားရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုများတွေ့ရှိပါက အစည်းအရုံး၏ ဥပဒေ စည်းမျဉ်းဈည်း ကမ်းချက် အတိုင်း အရေးယူသွားဖြစ်ကြောင်း အကြောင်းပြန်စာထဲတွင် ဖော်ပြပါရှိသည်။

၎င်းအပြင် KNLA ခေါင်းဆောင်တစ်ဦးဖြစ်သူ စောနေမင်းလွင်(ခ)ကိုအေးလွင်သည် Troth Star Company Limited ကို ဒါရိုက်တာယူထားကာ အဆိုပါ ကုမ္ပဏီသည် ရာဇဝတ်မှုများ မလွတ်ကင်းသည့် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်သည့် Trans Asia International Holding Group နှင့် သဘောတူ စာချုပ်များချုပ် ဆိုထားခြင်းလည်းရှိကြောင်း ကေအဲန်ယူ အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ကိုအေးလွင်အပါအဝင် Troth Star Company Limit တွင် လုံခြုံရေးယူပေးသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအားလုံးသည် Troth Star Company Limit မှ အားလုံး နုတ်ထွက်ပေး ရမည်ဖြစ်ကာ ၎င်းကုမ္ပဏီသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ပတ်သက် ဆက်နွယ်မှု မရှိကြောင်းကို ထုတ်ပြန်ကြေငြာသွားရန် (၁၇)ကြိမ်မြောက်ကွန်ဂရက်အစည်းအဝေးထဲတွင် ဆုံးဖြတ်ထား ကြောင်းလည်း အကြောင်းကြားစာထဲတွင် ပြောဆိုထားသည်။

ရာဇဝတ်သားများပါဝင်ပတ်သက်သည့် တရားမဝင် လောင်းကစားမြို့သစ်စီမံကိန်းတွင် ကေအဲန်ယူအနေဖြင့် ပါဝင်ပတ်သက်မှုမရှိသလို မည်သည့် ကေအဲန်ယူအစည်းအရုံးအဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ရာဇဝတ်မှုနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်ခွင့်မပြုကြောင်းကိုလည်း ကေအဲန်ယူက ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ထားသေးသည်။