Home သတင်း SAW အထက်တန်းကျောင်း ရွှေ့ပြောင်းပညာရေးအစီအစဉ် ပိတ်ပွဲကျင်းပခဲ့

SAW အထက်တန်းကျောင်း ရွှေ့ပြောင်းပညာရေးအစီအစဉ် ပိတ်ပွဲကျင်းပခဲ့

1280

မေလ ၂၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ၁၇နှစ်ကြာ စာသင်ကျောင်းဖွင့်လှစ်ခဲ့သည့် SAW အထက်တန်း ကျောင်း၊ ရွှေ့ပြောင်းပညာရေး အစီအစဉ် ပိတ်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင်ရှိ မဲဆောက်မြို့တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအထက်တန်းကျောင်းကို ကျောင်းသူကျောင်းသား ၂၆ဦးဖြင့် ပြီးခဲ့သည့် ၂၀၀၄ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလို ကျောင်းစာသင်ကြားခြင်းကို ပိတ်လိုက်ရသည့် အခြေအနေနှင့်ပတ်သက်၍ SAW အဖွဲ့တည်ထောင်သူ၊ ကျောင်း၏ ဒါရိုက်တာ ဒေါ်အေးအေးမာက ပိတ်ပွဲအခမ်းအနားတွင် ယခုလို ရှင်းပြပြောဆိုခဲ့သည်။

“ပြောချင်တာကတော့ ကျမတို့ ရံပုံငွေ အခက်အခဲကြောင့်ရယ်၊ အခု ဆောကျောင်းမှာရှိတဲ့ မိဘမဲ့ကလေးတွေကလည်း ထိုင်းကျောင်းတွေကို တက်ခွင့်ရတဲ့အတွက်ကြောင့်လည်း ကျမတို့ဟာ ကျောင်းကို ပိတ်ပစ်ဖို့အတွက် ဆုံးဖြတ်လာတာ လည်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ စာသင်ကြားခွင့်ရခဲ့တဲ့အတွက် ထိုင်းအစိုးရ နဲ့ ထိုင်းမှာရှိတဲ့ ထိုင်းပြည်သူတွေကိုလည်း ကျမတို့ ကျေးဇူးအများကြီးတင်ပါတယ်။”ဟု ဒေါ်အေးအေးမာက သူမ၏ အမှာစကားထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

Social Action for Children and Woman (SAW) မှာ ၂၀၁၇ခုနှစ်က ထိုင်းနိုင်ငံအစိုးရ၏ တရားဝင်အသိအမှတ်ပြု ဖောင်ဒေးရှင်းတစ်ခုဖြစ်လာခဲ့ပြီး စာသင်ကြားမှုကို MECC နှင့်လက်တွဲလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအထက်တန်း ကျောင်းပိတ်ရန်အတွက် လွန်ခဲ့သည့်ငါးနှစ်က ကြိုးပမ်းပြင်ဆင်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအပြင် အခြားလိုအပ်ချက်များကြောင့် ယခုနှစ် ၂၀၂၂ကျမှသာ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဒေါ်အေးအေးမာက ဖြည့်စွက်ပြောဆိုသည်။

ရွှေ့ပြောင်းကလေးငယ်များ ပညာသင်ကြားခွင့်၊ မိခင်ဘာသာစကားနှင့် ရိုးရာဓလေ့ ထိန်းသိမ်းခြင်း၊ ရုပ်ပိုင်းစိတ်ပိုင်း ဆိုင်ရာ တိုးတက်စေရေးလေ့ကျင့်ခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်ခြင်း စသည့်တို့ အပါအဝင် ရည်ရွယ်ချက် ၆ချက်ဖြင့် ကျောင်းသူကျောင်းသားများကို မူကြိုအတန်းမှ ဆယ်တန်း(ဒဿမတန်း)အထိ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်ဟု သက်တမ်းရင့်ဆရာတစ်ဦးဖြစ်သူ ဦးမင်းမင်းက ပြောဆိုသည်။

အဆိုပါ SAW စာသင်ကြားရေးစင်တာ ပိတ်ပွဲအခမ်းအနားတွင် ကျောင်းသူကျောင်းသားများက ကပြသီဆိုဖျော်ဖြေခြင်း၊ နာယကများ၊ ဒါရိုက်တာများနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားခြင်း၊ ကျောင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်း ပြသရှင်းလင်းခြင်း၊ နောက်ဆုံး ဆယ်တန်းအောင်မြင်သူ ကျောင်းသူကျောင်းသား ၁၆ဦးကို အောင်လက်မှတ်ပေးအပ် ခြင်း၊ ဆရာ/ဆရာမများအား အသိအမှတ်ပြုတံဆိပ်နှင့် လက်မှတ်ပေးအပ်ခြင်း၊ ကျောင်းသူကျောင်းသားဟောင်းတချို့ က ကျေးဇူးတင်စကားပြောကြားခြင်း၊ MECC သို့ ဆိုင်းဘုတ်ပြန်လည်အပ်နှံခြင်းနှင့် ထိုင်းသံဃာတော်တစ်ပါးက ဆုတောင်းမြွက်ကြားခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

လုပ်ငန်းခွင် ဝင်ရောက်နေပြီဖြစ်သည့် ကျောင်းသားဟောင်းတစ်ဦးက “SAW ဟာ ကျနော့်အတွက် အရေးကြီးတဲ့ မှတ် တိုင်တစ်ခုဖြစ်ပါတယ်။ ကျနော့်ကို နေစရာနေရာတွေပေး၊ ပညာတွေပေးခဲ့တော့ အသိပညာ၊ အတတ်ပညာတွေ ရလာ တယ်။ အဲဒီအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို ရွှေ့ပြောင်းပညာရေးအစီအစဉ်တစ်ခု ပိတ်သိမ်းရတော့ ဝမ်းနည်းမိတယ်။”ဟု ပြောသည်။

SAW အထက်တန်းကျောင်းမှ အောင်မြင်သွားသည့် ကျောင်းသူကျောင်းသားများထဲတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် လက်မှတ်ရရှိသွားသူများ၊ တက္ကသိုလ်အဆင့် ပညာဆက်လက်ဆည်းပူးသူများ၊ ကျောင်းဆရာဆရာမ ပြန်လည်လုပ် ကိုင်သူများနှင့် ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်ကြသူများရှိသည်ဟုလည်း ကျောင်းနှင့်ပတ်သက်သည့် တာဝန်ရှိသူများ၏ ပြောဆိုချက်များအရ သိရသည်။

၎င်းအခမ်းအနားသို့ ဘုတ်အဖွဲ့ဝင်များဖြစ်ကြသည့် ထိုင်းရှေ့နေ အဂျန်ဆူရဖုန်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်သီ ယာမောင်၊ MECC တာဝန်ခံ၊ ကျောင်းကျန်းမာရေးဆိုင်ရာ ထိုင်းဆရာဝန်၊ ထိုင်းရပ်မိရပ်ဖနှင့် ရွှေ့ပြောင်းပညာရေးကို တတ်နိုင်သည့်ဘက်မှ ကူညီပေးသူများ၊ ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်း ၁၀၀နီးပါး တက်ရောက်ခဲ့ ကြသည်။