Home သတင်း အဆိုတော် မာသထူးဝါး(ဖိုးမူကြီး)၏မိခင် အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်

အဆိုတော် မာသထူးဝါး(ဖိုးမူကြီး)၏မိခင် အသည်းကင်ဆာရောဂါဖြင့်ကွယ်လွန်

2164
Photo: Crd.

မေလ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

အဆိုတော် မာသထူးဝါး၏ မိခင်ဖြစ်သူ မမိုင် ၄၁ နှစ်သည် အသည်းကင်ဆာရောဂါဖြင့် ယနေ့ မေလ ၂၉ရက်နေ့ ကိုရီး ယားစံတော်ချိန် ၆း၄၉နာရီအချိန်တွင် ကိုရီးယားနိုင်ငံ Catholic University S.Mary Hospital (Bucheon) ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။

မမိုင်၏ နာရေးကိစ္စကို လိုက်လံကူညီဆောင်ရွက်ပေးနေသူ စခန့်သူလှိုင်က “ဒီမနက် ၆း၄၉ မိနစ်မှာ ဆုံးသွားတယ်ပေါ့ နော်။ အခုကတော့ ဒီမှာရှိတဲ့ သူ့ညီမတွေနဲ့ သူ့ရဲ့ ဈာပနအစီအစဉ်ကိုတော့ တိုင်ပင်နေတုန်းပါပဲ။ ပြီးတော့ ကျန်ရစ်တဲ့ သူ့ကလေးကိစ္စတွေကိုလည်း တိုင်ပင်ကြပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
မမိုင်သည် လွန်ခဲ့သည့် လအနည်းငယ်ကတည်းက အသည်းကင်ဆာရောဂါအဆင့်(၄)ကို စတင်ခံစားလာခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် မမိုင်၏ ရုပ်ကလာပ်ကို Catholic University S.Mary Hospital (Bucheon) ဆေးရုံတွင် ထားရှိပြီး ဩစတြေးလျားနိုင်ငံရှိ သူမ၏ဖခင်ဖြစ်သူက လာမည့်အပတ် သောကြာနေ့တွင် ရောက်ရှိမည်ဖြစ်၍ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့တွင် ကျင်းပသွားရန် လျာထားသည်ဟု ကူညီဆောင်ရွက်ပေးသူများက ပြောသည်။

Photo: Crd.

လက်ရှိအချိန်တွင် မမိုင်၏ နာရေးအစီအစဉ်ကို မိသားစုဝင်များ၊ အသိမိတ်ဆွေများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ကိုရီးယားနိုင်ငံရောက် ကရင်လူမှုအဖွဲ့အစည်းများက သွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မမိုင်သည် လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ကရင်အဆိုတော် စောထူးဝါး၏ ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူသေဆုံးပြီးနောက် သားသမီး ၃ဦးနှင့်အတူ ကိုရီးယားနိုင်ငံကို ၂၀၁၆ခုနှစ်တွင် သွားရောက်ပြောင်းရွှေ့အခြေချခဲ့ခြင်းဖြစ်သည်။

သူကွယ်လွန်ချိန်တွင် အဆိုတော် နော်မာသထူးဝါး အပါအဝင် သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်။