Home သတင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံများကို ပြန်လွှတ်ပေးပြီး လေးကေစခန်းရှိ BGF တပ်ဖွဲ့လည်း စခန်းမှ ထွက်ခွာ

လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသည့် ဒေသခံများကို ပြန်လွှတ်ပေးပြီး လေးကေစခန်းရှိ BGF တပ်ဖွဲ့လည်း စခန်းမှ ထွက်ခွာ

426
Photo: CJ

မေလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ တပ်မဟာ-၁ နယ်မြေ၊ ဘီးလင်းမြို့နယ် လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည့် ဒေသခံအယောက် ၉၀ ကျော်ကို ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သလို ယင်းစခန်းရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်အားလုံးလည်း ပြန်လည်ထွက်ခွာသွားပြီးဟု ဒေသခံထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူဒေသခံအနက်မှ အချို့ကို BGF က ကျေးရွာအရောက်ပြန်လည် ပို့ဆောင်ပေးခဲ့သလို ၎င်းလေးကေစခန်းရှိ BGF တပ်ဖွဲ့ဝင်အားလုံးလည်း တချိန်တည်း ပြန်လည်ထွက်ခွာသွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ လေးကေမှာ သူတို့ဖမ်းဆီးထားတဲ့ ကျောက်ဖျာရွာက ဒေသခံတွေလည်း ပြန်လည်လွှတ်ပေးပြီး BGF ဗိုလ်မောင်ချစ်အဖွဲ့က ကျေးရွာအရောက် ပြန်ပို့ပေးတယ်လို့ ပြောတယ်။ အဲဒီ BGF တွေလည်း လေးကေစခန်းမှာ မနေတော့ဘူး၊ သူတို့လည်း ပြန်ထွက်ကုန်ပြီး။ သူတို့ပြန်ထွက်တော့ အခုလမ်းတွေလည်း ကေအဲန်ယူဘက်က ပြန်ဖွင့်ပေးလိုက်တော့ ဒေသခံတွေက ရွာပြန်လာနေကြပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

လေးကေစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ တပ်စွဲခဲ့သည့် BGF တပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကမူ ပြန်လည်ထွက်ခွာခြင်းမရှိသေးဘဲ ယခုအချိန်ထိ ကျန်ရှိနေသေးကြောင်း ၎င်းဒေသခံက ဖြည့်စွက်ပြောသည်။

Photo: CJ

BGF ပြန်လည်ထွက်ခွာပြီးနောက်တွင် ယခုအချိန်တွင် လေးကေကျေးရွာနှင့် အနီးနားကျေးရွာရှိ စစ်ရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည်လည်း ၎င်းတို့ကျေးရွာတွင် ပြန်လည်နေထိုင်ပြီဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

တောတောင်နှင့် အခြားကျေးရွာများတွင် တိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်အများစုသည် ကျေးရွာတွင် ပြန်လည်နေထိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီ၏လေယာဉ်ဗုံးကြဲတိုက်မှုကြောင့် နေအိမ်မီး လောင်ပျက်စီးဆုံးရှုံးခဲ့ရသည့် လေးကေရွာသားအချို့မှာ နေရေးထိုင်ရေးအတွက် အခက်အခဲရှိနေသည်ဟု ရွာသားများက ပြောသည်။

ပြီးခဲ့သည့် မေလ(၅)ရက်နေ့မှစကာ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့က လေးကေနှင့် ဝင်းတာပန်စခန်းအတွက် စစ်ကူတက်လာသည့်အချိန်တွင် လမ်းတစ်လျှောက်တွင် ဒေသခံအရပ်သား အယောက် ၁၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ငွေပေးနိုင်သူအချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အများစုမှာ လေးကေစခန်းတွင် ဖမ်းဆီးထားပြီး ၃ ပတ်ကျော်ဖမ်းဆီးချုပ်နှောင်ထားပြီးမှ ပြန်လည်လွှတ်ပေးခြင်းလည်းဖြစ်သည်။