အိမ်
မင်းဆုလဒ်(မြစ်ဝကျွန်းပေါ်) ခေတ္တ – ဒေါနမြေ
(၂၅/၁/၂၀၂၂)
အဖေအရင်း မရှိလေတော့
အမေအိုဆိုတဲ့ နေတစ်စင်းနဲ့
သိဂင်္ါရနှင်းတွေ စီးဆင်းတဲ့အိမ်။
ခုတော့ နှင်းတွေ ဝေနေရမဲ့အစား
စစ်မြူတွေ ယစ်ဆူလှိုင်းထ
အတိုင်းအဆမဲ့ ယုတ်မာရိုင်းစိုင်းကြ
စစ်သမိုင်းနဲ့ မကင်းခဲ့တော့
စစ်တလင်းလည်းဖြစ်ခဲ့ရတဲ့ အိမ်။
ဟို အဝေး ….. ကျေးလက်တစ်နေရာ
သားအမိတွေ ခိုလုံရာ
ဝါးဓနိမိုး ကျူထရံကာ
ယိုင်နဲ့နဲ့အိမ်ခြေတိုင်တွေမှာ
ကျည်ဆံရာ ပရပွတွေက
အနိဌာရုံ သကေင်္တတစ်ခုလို
ခုထက်ထိကို ….
မိမွေးတိုင်း ဖမွေးတိုင်း ရှိနေသေးတဲ့ အိမ်။
ညီလေးရေ …. ညီမလေးတို့ရေ …..
တို့တစ်တွေ နွားတွေလို ကွဲခဲ့လို့
သမိုင်းအဆက်ဆက် ကျားဆွဲခံခဲ့ရတယ်
လူမျိုးစွဲ ဝါဒစွဲ ဘာသာစွဲ
ဆန့်ကျင်ဘက်အလွဲတွေ အမဲဖျက်ခဲ့လို့
အမည်းစက်တွေ စွန်းထင်းပေကျံခဲ့ရတဲ့ အိမ်။
ခေတ် စနစ်ဆိုး အမျိုးမျိုးနဲ့
သူသေကိုယ်သေ စီးချင်းထိုးခဲ့တဲ့
ညီအစ်ကို မောင်နှမတစ်စု
ဉတွေလည်းကွဲ အသိုက်တွေလည်းပျက်
မျက်ကန်းမျိုးဖျက်တွေ နှိပ်စက်ခဲ့ပေမဲ့
အမေ့ ပုခက်လွဲတဲ့လက်တစ်စုံနဲ့
ရှေ့ဆက်ရမဲ့အနာဂတ် အသိုက်မြုံကိုမြင်ရင်း
အတက်အလက်မစုံသေးတဲ့
တို့အိပ်မက်တွေ ဆက်မက်နေကြရတဲ့ …အိမ်။
ခုတော့ ……
ရေစီးကြောင်း ဒရောသောပါးမှာ
ဗေဒါပန်းပင်တွေ ဟိုဟိုဒီဒီ ခိုကပ်နား
သားရဲတောကောင်အသံတွေက ဟိုနားကြား ဒီနားကြား
ကျိုးပဲ့နေတဲ့ ဝါးတံတားနဲ့ မနီးမဝေး
ချောင်းကမ်းစပ်နံဘေးက မီးမှိန်မှိန် အိမ်ကလေးမှာ
စိုးရိမ်ပူပန်ခြင်း သတင်းတစ်စနဲ့
အမေရဲ့ သားချော့တေးတစ်ပိုဒ်က ချိုလို့
ကလေးငိုသံတွေကလည်း ဆူလို့ ညံလို့။
မင်းဆုလဒ်(မြစ်ဝကျွန်းပေါ်) ခေတ္တ – ဒေါနမြေ