စက်တင်ဘာ ၁၈ ရက်၊ ၂ဝ၂၁ ခုနှစ်၊။ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ထက်ဝက်ကျော် ကျဆင်းသွားပြီး ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောသည်။
ထို့အပြင် ဘုရားသုံးဆူ၊ ကျိုက်ဒုံ၊ တောင်ပေါက်၊ ဝင်းရော်ဒေသရှိ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာများတွင် ကိုဗစ်လူနာထက်ဝက်ကျော် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ကူးစက်ဖြစ်ပွားမှုလည်း နည်းသွားပြီးဟု စင်တာ ရှိ တာဝန်ရှိသူများထံမှ သိရသည်။
“ရောဂါကူးစက်မှုက ထက်ဝက်ကျော်ကျသွားပြီ။ မြို့ပေါ် အထကကျောင်းမှာ အရင်က ကိုဗစ်လူနာ ၂ဝဝနီးပါး ရှိတယ်။ အခု ၁ဝဦးကျော်ပဲ ရှိတော့တယ်။ ပိုးတွေရင်တောင် သာမန်အခြေအနေလောက်ပဲ ဖြစ်ကြတာ များလာတယ်။ အပြင်းအ ထန် မဖြစ်တော့ဘူး။ ကာကွယ်ဆေးကတော့ ၃ ပုံမှာ ၁ ပုံလောက်ပဲ ထိုးနိုင်ကြသေးတယ်။ အားလုံး ထိုးစေချင်တယ်။ ကူးစက်မှု နည်းသွားတယ်ဆိုပေမယ့် လမ်းညွှန်ချက်နဲ့အညီ ဂရုစိုက်နေထိုင်ကြဖို့လိုမယ်။”ဟု ကြာအင်းဆိပ်ကြီးမြို့ စေတနာ့ဝန်ထမ်း ကိုနိုင်လင်းအောင်က စက်တင်ဘာ ၁၇ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ဇွန်လမှ၍ စက်တင်ဘာလအထိ လူ ၄ဝဝနီးပါး ကိုဗစ်ရောဂါကူးစက်ခံခဲ့ရကာ လူ ၃ဝဦးကျော် ကိုဗစ်ရောဂါကြောင့် အသက်ဆုံးရှုံး ခဲ့ရသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

ဝင်းရော်ဒေသ ကိုဗစ်စင်တာတွင် ကူညီဆောင်ရွက်ပေးနေသူ ကျန်းမာရေးစေတနာ့ဝန်ထမ်းတစ်ဦးကလည်း “အရင်လ ထက်စာရင် ရောဂါကူးစက်ဖြစ်ပွားမှု တဝက်ကျော်လောက် နည်းသွားတယ်။ ဒါပေမယ့် ပေါ့လို့တော့ မရဘူး။ သံသယရှိ ရင် နီးစပ်ရာစင်တာမှာ လာရောက်စစ်ဆေးလိုပါတယ်။ အဲ့တာမှ ကျနော်တို့ ကူညီဆောင်ရွက်ပေးလို့ အဆင်ပြေမှာပါ။ ရွာတွေမှာက ကိုယ်ထူကိုယ်ထနဲ့ စင်တာဖွင့်ရတော့ ဆေးဝါးတွေ၊ အကာကွယ်ပစ္စည်းတွေ လိုအပ်နေဆဲပေါ့နော်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန် ၂၈ရက်တွင် Covid-19 ရောဂါကူးစက်မှု ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ဒေသအသီးသီးတွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်မှုများနှင့် ကိုယ်ထူကိုယ်ထကို ဗစ်စင်တာများ စီစဉ်ဆောင်ရွက် ထားလျှက်ရှိသော်လည်း ကျေးလက်နေပြည်သူအများစုမှာ ယနေ့အထိတိုင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့် မရကြသေး ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။



















