ဇွန် ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏ အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဘွဲ၊ မိုဘွာသာသနာနယ်မှ ဘာသာရေးဆရာအပါအဝင်(၅)ဦးမှာ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက် လာခဲ့သည်ဟု နီးစပ်သူထံမှ သိရသည်။
ဘွဲ၊ မိုဘွာ သာသနာနယ်ဝင်းအတွင်း ဇွန်လ ၂၇ ရက်ည ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီမှ အင်အားသုံးကာ ဝင်စီးစစ်ဆေးမှုများ လုပ်ဆောင်ရာ၌ မီးသွေးခဲမှုန့်၊ ပုလဲဓာတ်မြေဩဇာနှင့် ဖောက်ထားသည့် ဗူးအခွံ စများကို တွေ့ရှိရာတွင် ဖောက်ခွဲရေးပစ္စည်းများဟု စစ်ကောင်စီမှစွပ်စွဲပြီး သာသနာဝင်းအတွင်းရှိသည့် ဘာသာ ရေးဆရာ အပါအဝင်(၅)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖောက်ခွဲရေးပစ္စည်းဟု စစ်ကောင်စီစွပ်စွဲ၍တွေ့ရှိသည့် အဆိုပါ ပစ္စည်းများသည် ဘွဲမိုဘွာသာသနာမှ လူထုများ အတွက် သောက်ရေသန့်စစ်ယူသည့် သင်တန်းပေးသည့်အခါတွင် အသုံးပြုသည့် ပစ္စည်းနှင့် စိုက်ပျိုးရေးတွင် အ သုံးပြုသည့် ပုလဲဓာတ်မြေဩဇာသာဖြစ်သည်ဟု ဘွဲ၊ မိုဘွာသာသနာနယ်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြော သည်။
၎င်းက “အပြစ်မရှိလို့ ပြန်လွှတ်ပေးလိုက်ပြီးပေါ့။ ခံဝန်ထိုးပြီး တော့ပြန်လွှတ်တာပေါ့နော်။ သူတို့ဘာတွေ ပြောလဲ ဆိုရင် မသကင်္ာပစ္စည်းတွေတွေ့လို့ အဲလိုပြောတာပေါ့နော်။ ကျနော်တို့တွေဘက်ကလည်း ပြန်ပြောပါတယ်၊ အဲဒီ ပစ္စည်းတွေက မိသားစုတစ်စုမှာ ရှိနေတတ်တဲ့ပစ္စည်းတွေပါပဲ ပြန်တော့ပြောလိုက်ပါတယ်။ ဒီကိစ္စက အဓိကလုပ် ဆောင်တာ စစ်တပ်ကဆိုတော့ ရဲစခန်းဘက်က နည်းနည်းခေါင်းရှောင်ချင်တာ တော့ရှိမှာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းဖမ်းဆီးခံရသူ ၅ ဦးသည် ဘွဲ၊ မိုဘွာသာသနာမှ ဘာသာရေး ဆရာ ၂ ဦးနှင့် မိသားစုဝင်၂ ဦးအပါအဝင် တောင် ငူမြို့တွင် မိသားစုဝင်ဆေးကုရန် သာသနာဝင်အတွင်း လာရောက်တည်းခိုသည့် သင်းထောက်တစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
သာသနာဝင်းအတွင်း စစ်ကောင်စီမှ ဝင်ရောက်စီးနင်းရှာဖွေစစ်ဆေးချိန်တွင် တွေ့ရှိသည့် မီးသွေးအကြေမှုန့် များကို ယမ်းမှုန့်ဟုဆိုကာ စွပ်စွဲထားခဲ့သလို ဖောက်ထားသည့် ဗူးခွံအပိုင်းအစများနှင့် ပုလဲဓာတ်မြေဩဇာ များကိုလည်း ဖောက်ခွဲရေးပစ္စည်းလုပ်ဆောင်ရာတွင် ထည့်သွင်းသည့် ပစ္စည်းဟုစွပ်စွဲထားသော်လည်း ပြန်လည်စစ်ဆေးရာတွင် မဟုတ်မမှန်သည့်အတွက် မတရားဖမ်းဆီးခံရသူများကို ယခုလိုပြန်လွှတ်ပေးလိုက်ခြင်း လည်းဖြစ်သည်ဟု ဆိုသည်။
ထိုနေ့ည ဖြစ်စဉ်နှင့်ပတ်သက်ပြီး သာသနာနှင့် နီးစပ်သူတစ်ဦးက “ ဖြစ်စဉ်ညမှာ သာသနာဝင်းကို ဧည့်စာရင်းစစ်ဖို့ ဝင်လာတယ်။ ဝင်းထဲမှာ ဝန်ထမ်းအဆောင်တွေရှိတယ်။ ပထမအိမ်ကိုလာမေးတော့ အိမ်မှာရှိတဲ့ (၇)ဦးရှိတာကိုပဲ ပြောတာပေါ့။ သို့သော် အခန်းတံခါးတွေကိုလိုက်ထု၊ ဝင်စီးတဲ့ ပုံစံလုပ်တော့ အခြားအဆောင်မှာရှိတဲ့သူ ၈ ယောက်ထွက်လာတယ်။ အားလုံးပေါင်းက ၁၅ ယောက်တွေ့တော့ အမှန်မပြောဘူးဆိုပြီး အားလုံးကို ခေါ်ထား တယ်။ ပြီးတော့ ပစ္စည်းတွေ လိုက်မွှေတယ်။ အဲဒီသူတို့မသကင်္ာတဲ့ပစ္စည်းတွေ့တော့ ယောက်ျားတွေကို အပေါ်ထပ်မှာ ရိုက်နှက်စစ်ဆေးမေးပြီးမှ ဖမ်းခေါ်သွားတာဖြစ်တယ် ” ဟုကေအိုင်စီသို့ပြောသည်။
အဆိုပါ သာသာနာဝင်းအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးသည့်ညတွင် ရဲနှင့်စစ်သား အယောက် ၅ဝ ကျော်ပါဝင်သလို ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းရာတွင်လည်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိသည့်အပြင် သာသနာပစ္စည်းအချို့လည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။



















