Home သတင်း ကရင်ပြည်နယ်အတွင်းစစ်‌ရေးတင်းမာမှုအ‌ပေါ် နိုင်ငံတကာဖိအားလိုအပ်‌ကြောင်း KNU ‌ပြော

ကရင်ပြည်နယ်အတွင်းစစ်‌ရေးတင်းမာမှုအ‌ပေါ် နိုင်ငံတကာဖိအားလိုအပ်‌ကြောင်း KNU ‌ပြော

5074

‌ဖေ‌ဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်အတွင်း တင်းမာလာသည့် ‌အောက်‌ခြေ စစ်‌ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ‌ဖြေရှင်းညှိနှိုင်းရန် ကရင်အမျိုးသား အစည်းအရုံး-KNU၏ ကြိုးပမ်းမှုအ‌ပေါ် တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိခြင်း‌ကြောင့် နိုင်ငံတကာမှ ဝိုင်းဝန်းတွန်းအား‌ပေးရန် လိုအပ်လာပြီးဖြစ်‌ကြောင်း KNU က ‌ပြောဆိုလိုက်သည်။

လတ်တ‌လော ပဋိပက္ခ တင်းမာမှုအ‌ပေါ် ‌ဖြေရှင်းရန် KNU မှ တပ်မ‌တော်နှင့် ‌တွေ့ဆုံ ညှိနှိုင်းရန် ကြိုးပမ်း‌သော် လည်း တစ်စုံတစ်ရာ တုန့်ပြန်မှု မရရှိခြင်း‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ပါဝင်အား‌ပေး‌ထောက်ခံခဲ့သည့် နိုင်ငံတကာ တိုင်းပြည်၊ အဖွဲ့အစည်းများအ‌နေဖြင့် ပါဝင်လာရန် လိုအပ်ပြီးဖြစ်‌ကြောင်း KNU နိုင်ငံ‌ရေးခြား‌ရေး ဌာန ဥက္ကဋ္ဌ ပဒို‌စော ‌တောနီက ယမန်‌နေ့ ထိုင်း-မြန်မာနယ်စပ်၌ ပြုလုပ်သည့် (၇၂) နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနား ၌ ထိုသို့တိုက်တွန်း‌ပြောကြားခဲ့သည်။

“ နိုင်ငံတကာ တိုင်းပြည်များစွာ‌ရှေ့‌မှောက်မှာ ချုပ်ဆိုထားတဲ့အတိုင်း ကျ‌နော်တို့က လိုက်နာကျင့်သုံးသွားမယ်ဆို‌ပေမဲ့ သူတို့ ‌ပြောတဲ့အတိုင်း Home made peace process ဆိုပြီး ၈ နှစ် ၉ နှစ်‌လောက် ကိုယ်‌တွေအချင်းချင်းပဲ သွားတဲ့အခါ ဘာမှ ဖြစ်မလာဘူး။ ဒါ‌ကြောင့် နိုင်ငံတကာအပါအဝင် ကမ႓ာ့ကုလသမဂ္ဂ အ‌နေနဲ့ လက်ရှိ စစ်‌ပြေး‌ရှောင်‌နေရတဲ့သူ‌တွေ အတွက်ပါ ကူညီ‌ထောက်ပံ့မှုပစ္စည်း‌တွေ ‌ရောက်နိုင်ဖို့အတွက်ပါ ဝင်‌ရောက် ‌ပြောဆိုလာဖို့ လိုလာပြီး” ဟု ‌ပြောဆိုခဲ့သည်။

လတ်တ‌လော ဖြစ်ပွား‌နေသည့် ‌အောက်‌ခြေစစ်‌ရေး ပဋိပက္ခများကို ‌ဖြေရှင်းညှိနှိုင်းရန် KNUမှ သက်ဆိုင်ရာ တပ်မ‌တော် ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့သို့ ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလကတည်းက စာနှစ်ကြိမ်‌ပေးပို့ အ‌ကြောင်းကြား ထား‌သော်လည်း ယ‌နေ့အချိန်ထိ တစ်စုံတစ်ရာ အ‌ကြောင်းပြန်လာခြင်းမရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

လတ်တ‌လော စစ်‌ရေးပဋိပက္ခ‌ကြောင့် ‌ထောင်နှင့်ချီသည့် ‌ဒေသခံ ပြည်သူများ စစ်‌ဘေး‌ရှောင်‌နေရပြီး ၎င်းတို့ အတွက် ပြည်တွင်းမှ ကရင်လူငယ်များ၏ စု‌ပေါင်း ‌ကောက်ခံထားသည့် အလှူပစ္စည်းများမှာ KNU ဆက်ဆံ‌ရေး ရုံးတွင် ‌ရောက်‌နေပြီးဖြစ်‌သော်လည်း သက်ဆိုင်ရာ စစ်‌ပြေး‌ရှောင်များထံသို့ ‌ပေးပို့သွားရန်အတွက် နှစ်ဖက်ညှိနှိုင်း နိ်ုင်ခြင်းမရှိ‌သေး‌ကြောင်းလည်း KNU က ဆိုသည်။

အလားတူ ၇၂ နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့သည့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ သဝဏ်လွှာတွင်လည်း NCA အပစ်ရပ် စာချုပ်အတိုင်း အပစ်ရပ်ခိုင်မာ‌ရေးအတွက် သက်ဆိုင်ရာတပ်များ မ‌တွေ့ဆုံနိုင် ‌သေးချိန်တွင် နှစ်ဖက်တပ်များ၏ ရပ်တည်ချက်၊ လုပ်ငန်းစဉ်နှင့် လုပ်ရပ်များ‌ကြောင့် KNU နယ်‌မြေအချို့တွင် စစ်‌ရေး ပဋိပက္ခဖြစ်ပွား‌နေရပြီး ပြည်သူများ စစ်‌ပြေး‌ရှောင်‌နေရခြင်း‌ကြောင့် NCA လမ်းညွှန်ချက်အတိုင်း‌ဖြေရှင်းရန်လိုပြီး ပြဿ နာပိုမိုမကြီးထွားလာ‌စေရန်လည်း တာဝန်ရှိသူများအ‌နေဖြင့် ညှိနှိုင်း‌ဆွေး‌နွေး အ‌ဖြေရှာသင့်‌ကြောင်း ထည့်သွင်းတိုက်တွန်းထားသည်။

ယမန်‌နေ့ ပြုလုပ်သည့် ကရင့်‌တော်လှန်‌ရေး ‌နေ့အခမ်းအနားကို အကျဉ်းချုံးပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ကာ သက်ဆိုင်ရာ KNU ‌ခေါင်း‌ဆောင်အချို့နှင့် မဟာမိတ်‌ခေါင်း‌ဆောင်များပါဝင်တက်‌ရောက်ခဲ့ပြီး သဝဏ်လွှာ ဖတ်ကြားခြင်း၊ အမှာ စကား ‌ပြောကြားခြင်းနှင့် အ‌လေးပြုခြင်း အခမ်းအနားဖြင့် အစီအစဉ်ကို ရုပ်သိမ်း လိုက်သည်။

အလားတူ ယမန်‌နေ့ ကျ‌ရောက်သည့် (၇၂)နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကို သက်ဆိုင်ရာ KNU တပ်မဟာ၊ တပ်ရင်း‌ဒေသများ၌ အသီးသီး ပြုလုပ်ကျင်းပခဲ့ကြပြီး စစ်‌ရေးတင်းမာ‌နေသည့် KNU တပ်မဟာ (၅) ‌ဒေသ၌ ပြုလုပ်သည့် ‌တော်လှန်‌ရေး‌နေ့ အခမ်းအနားကိုလည်း တပ်မ‌တော်မှ အခမ်းအနား ‌နေရာကို ‌ပြောင်း‌ရွှေ့ ကျင်းပရန် ကန့်ကွက်အ‌ကြောင်းကြားခဲ့‌သေးသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်း‌လောက်မှစ၍ ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန် နှင့် ‌ကျောက်ကြီး‌ဒေသတို့တွင် ‌အောက်‌ခြေ စစ်‌ရေး ပဋိပက္ခဖြစ်ပွား‌နေပြီး ‌ဒေသခံ အရပ်သားပြည်သူ ‌ထောင်နှင့် ချီ၍ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်ကြရသလို ‌ဒေသခံ ပြည်သူ ၃ ဦးလည်း ‌သေဆုံးခဲ့ရကာ ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။