Home သတင်း ၂၁ရာစုပင်လုံညီလာခံလွန်‌မြောက်လျှင် တိုင်းရင်းသားတို့၏ လွတ်လပ်မှုများရရှိရန် ‌မျှော်လင့်‌ကြောင်း ကရင်စည်ပင်ဝန်ကြီး‌ပြော

၂၁ရာစုပင်လုံညီလာခံလွန်‌မြောက်လျှင် တိုင်းရင်းသားတို့၏ လွတ်လပ်မှုများရရှိရန် ‌မျှော်လင့်‌ကြောင်း ကရင်စည်ပင်ဝန်ကြီး‌ပြော

2143

ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ‌စောရှား

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ-NLD အစိုးရမှ ‌ဖော်‌ဆောင်‌နေသည့် ၂၁ ရာစု ပင်လုံညီလာခံ လွန်‌မြောက် ‌အောင် မြင်သွားသည့်အချိန်တွင် တိုင်းရင်းသားတို့၏ အခွင့်အ‌ရေးများ၊ လွတ်လပ်မှုများရရှိလာမည်ကို ‌မျှော်လင့်‌ကြောင်း ကရင် ပြည်နယ် စီမံ၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီး ဦးသန်းနိုင်က ဇန်နဝါရီ ၄ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

ဖားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်‌သော (၇၃)နှစ်‌မြောက် လွတ်လပ်‌ရေး‌နေ့အခမ်းအနားအပြီး တိုင်းရင်း သားပြည်သူတို့က လွတ်လပ်‌ရေးအရသာကို အပြည့်အဝ ရရှိခံစား‌နေရပြီလားဆိုသည့် ‌ကေအိုင်စီ၏ ‌မေးမြန်းချက်အ ‌ပေါ် စည်ပင်ဝန်ကြီးက ယင်းသို့ ပြန်လည်‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အနှစ် ၆၀‌လောက် ပြည်တွင်းစစ်နဲ့ ကြုံခဲ့ရတယ်။ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် ကို ‌ရောက်‌အောင်သွားဖို့အတွက် ကြိုးစား‌နေတဲ့ကာလဖြစ်ပါတယ်။ ဒီကာလလွန်‌မြောက်သွားမယ်ဆိုရင်‌တော့ တိုင်းနဲ့ ပြည်နယ်အားလုံးသည် ရရှိထိုက်တဲ့ အခွင့်အ‌ရေး‌တွေ၊ လွတ်လပ်မှု‌တွေ၊ ‌ပျော်ရွှင်မှု‌တွေ ရရှိလာမယ်လို့ ကျ‌နော်က‌တော့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်‌သော လွတ်လပ်‌ရေး‌နေ့အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်‌တော်ဥက္ကဌ များ၊ ဌာနဆိုင်ရာ ညွှန်ကြား‌ရေးမှူးများနှင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများမှ တက်‌ရောက်ခဲ့ပြီး နိုင်ငံ‌တော်သမ္မတ ဦးဝင်းမြင့် ‌ပေးပို့‌သော သဝဏ်လွှာဖတ်ကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ဝန်ကြီးဦးသန်းနိုင်၏ ‌ဖြေကြားချက်နှင့်ပတ်သက်ပြီး ၂၁ရာစုပင်လုံညီလာခံ၏ လုပ်‌ဆောင်ချက်အခင်းအကျင်းကို ပြန် ကြည့်လျှင် ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်‌ပေါ်လာရန် အလှမ်း‌ဝေး‌နေ‌သေး‌ကြောင်း ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ယခုလို မှတ်ချက်ပြု‌ပြောဆိုသည်။

“ပါဝင်ပတ်သက်သူ- Stakeholders (တိုင်းရင်းသားအစုအဖွဲ့၊ အစိုးရ၊ တပ်မ‌တော်)‌တွေ အားလုံးဟာ ဖက်ဒရယ် ပြည် ‌ထောင်စုကြီးကို‌တော့ တို့‌တွေအားလုံး မဖြစ်မ‌နေသွားရမယ့် တို့နိုင်ငံရဲ့ပန်းတိုင်တစ်ခုပဲလို့။ ဖြစ်လာတဲ့‌နေ့ကျမှပဲ ပြည် ‌ထောင်စုမှာရှိ‌နေတဲ့ တိုင်းရင်းသား‌တွေအားလုံးရဲ့ လွတ်လပ်‌ရေးကြီးကို အရသာရှိရှိ ခံစားကြရမယ်လို့မြင်တယ်။”ဟု ပြည်နယ်ဝန်ကြီး‌ဟောင်းဖြစ်ခဲ့သူ ‌စောကြည်လင်းက ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှစပြီး NLD ဦး‌ဆောင်သည့် အစိုးရလက်ထက်တိုင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ကို ပြုလုပ်‌ဆွေး‌နွေးခဲ့ကြရာ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် (၂ဝ ၂ဝပြည့် နှစ်)အထိ အစိုးရ၊ တပ်မ‌တော်နှင့် တိုင်းရင်းသားအစုအဖွဲ့ (လက်နက်ကိုင်အဖွဲ့အစည်းနှင့် ပါတီများ)အကြား သိသာ ထင်ရှားသည့် အ‌ပြောင်းအလဲကို မ‌ဖော်‌ဆောင်နိုင်‌သေး‌ကြောင်းလည်း သုံးသပ်‌ပြောဆိုမှုများ ရှိသည်။

အခြားတစ်ဖက်တွင် NLD ပါတီအ‌နေဖြင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ ‌ဒေါက်တာ‌အောင်မိုးညို၊ ဦးအင် ထုံခါး‌နော်ဆမ်တို့ ပါဝင်‌သော ကိုယ်စားလှယ်အဖွဲ့ကို ယခု ဇန်နဝါရီလမှစ၍ တိုင်းရင်းသားပါတီများနှင့် သွား‌ရောက် ‌တွေ့ဆုံ‌ဆွေး‌နွေးရန် တာဝန်‌ပေးအပ်ထားပြီး ၎င်းတို့အ‌နေဖြင့် ၂၀၂၁ ဇန်နဝါရီ ၁ရက်‌နေ့တွင် ကချင်ပြည်နယ်ရှိ ‌ဒေသ တွင်း အနိုင်ရပါတီများမှ ကိုယ်စားလှယ်များနှင့် ‌ဆွေး‌နွေးခဲ့ပြီး ဇန်နဝါရီ ၃ရက်‌နေ့တွင် မွန်ပြည်နယ်ရှိ မွန်ညီညွှတ်‌ရေး ပါတီနှင့် ‌တွေ့ဆုံမှုမှာ မဖြစ်‌သေးဘဲ ‌နေရာကို ညှိနှိုင်း‌နေဆဲဖြစ်‌ကြောင်း သိရသည်။