ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ နန်းခလိန်းဖောင်အွာ
အမျိုးသားမြေ ဥပဒေသစ် ပြင်ဆင်ရေး လုပ်ငန်းစဉ်သည် ဖက်ဒရယ်စနစ် တည်ဆောက်ရေးနှင့် ရိုးရာဓလေ့ မြေယာ ပိုင်ဆိုင်မှုကို အသိအမှတ်မပြုထားသည့်အတွက် အစိုးရသစ်အနေဖြင့် ရပ်ဆိုင်းထားရန် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများက တိုက်တွန်းပြောဆိုသည်။
အမျိုးသား မြေအသုံးချရေးမူဝါဒကို အခြေခံကာ မြေဥပဒေသစ် ရေးဆွဲရေးကို ၂၀၂၂ ခုနှစ် နှစ်လည်ပိုင်းတွင် အပြီး ရေးဆွဲသွားရန် အစိုးရက စီစဉ်ထားမှုအပေါ် ယခုလို တိုက်တွန်းပြောဆိုခြင်းဖြစ်သည်။
တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ် အတွင်းရေးမှူး စိုင်းခေးဆိုင်က “ ဥပဒေကို အဟောင်းအတိုင်း ဗဟို ကနေပဲ ပြန်အခြေပြုပြီးတော့ ပြင်ဆင်ရေးသားမယ်ဆိုရင် တကယ့်အောက်ခြေက ဖြစ်နေတဲ့ပြဿနာကို အခြေခံ ပြီးတော့ ဖြေရှင်းနိုင်တဲ့ မူဝါဒ မဟုတ်ပြန်ဘူး။ တိုင်းရင်းသားတွေရဲ့ အကြံပြုချက်စာတမ်းကို အခြေခံ မလုပ်ဘဲ မူဝါဒရေးဆွဲမယ်၊ ဥပဒေ ရေးဆွဲမယ်ဆို မဖြစ်သင့်တော့ဘူး။ လုပ်ငန်းစဉ်ဆက်မလုပ်ဖို့ တိုက်တွန်း ရခြင်း ဖြစ်တယ်” ဟု ဇန်နဝါရီ ၂၇ ရက်တွင် ကေအိုင်စီ သို့ ပြောသည်။
လက်ရှိ အမျိုးသားမြေ ဥပဒေများ ဖြစ်သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေနှင့် လယ်ယာမြေ ဥပဒေကြောင့် ၂၀၁၈ ခုနှစ်အတွင်း တိုင်းရင်းသား တောင်သူလယ်သမားများ၏ မြေများ အသိမ်းခံရခြင်း၊ အချို့ ထောင်ဒဏ် အပြစ်ပေးခံရခြင်းနှင့် အလုပ်လက်မဲ့ ဖြစ်သွားခြင်းများ ကြုံတွေ့နေရသည်ဟု တိုင်းရင်းသား လူမှု အဖွဲ့အစည်း ၁၆ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေတွင် အကျုံးဝင်သည့် မြေဧက သန်း ၅ဝ ခန့်ရှိပြီး မြန်မာ ပြည်၏ သုံးပုံတစ်ပုံခန့်ဖြစ်ကာ အကျုံးဝင်ဧရိယာ အများစုမှာ တိုင်းရင်းသားဒေသများတွင် ဖြစ်သည်။
“ကျနော်တို့ မိသားစုနေစရာ မြေမရှိလို့ မြို့ပြင်နားမှာ မြေတစ်ကွက် ဝယ်ထားခဲ့တယ်။ လင်မယားနှစ်ယောက် ထိုင်းမှာ နှစ် ၂၀ကျော် ကျွန်ခံပြီး ရလာတဲ့ငွေလေးတွေနဲ့ အိမ်ဆောက်ထားတယ်။ အခုမိသားစုနေထိုင်ဖို့ ရွာကို ပြန်လာတော့ အဲ့ဒီမြေက အရှုပ်အရှင်းဖြစ်ပြီး တရားရင်ဆိုင်ခဲ့ရတယ်။ အခုမြေသိမ်းခံရပြီးတော့ အိမ်လည်း ဖျက်ဆီးခံရတယ်။ မြေယာဥပဒေကိုလည်း နားမလည်ဘူးပေါ့နော်။ နေစရာ ဘာမှမရှိတော့ဘူး။ တာဝန်ရှိတဲ့ သူ တွေ ကူညီစေချင်တယ်” ဟု လှိုင်းဘွဲမြို့နယ်၊ ကော့လုံကျွန်းနေ စောနိုင်လင်းက ဇန်နဝါရီ ၂၈ ရက်တွင် ကေအိုင်စီ သို့ပြောသည်။
အစိုးရက မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟု သတ်မှတ်ထားသည့်မြေများမှာ တိုင်းရင်းသားများအနေဖြင့် ဘိုးဘွားများ လက်ထက်ကတည်းက ဓါးမဦးချလုပ်ကိုင်လာသော မိရိုးဖလာပိုင်ဆိုင်သည့် မြေများ ဖြစ်နေသည့်အတွက် တိုင်းရင်းသားများက ယခင်ကတည်းက ကန့်ကွက်ပြောဆိုမှုများစွာရှိခဲ့သလို အကြံပြုချက်များလည်း အစိုးရထံပေးပို့ခဲ့မှုများလည်းရှိကြောင်း သိရသည်။



















