Home သတင်း ၂၀၀၈ ‌ဘောင်ထဲမှ နိုင်ငံ‌ရေးပြဿနာ ‌ဖြေရှင်းနိုင်မည်မဟုတ်ဟု ‌ကေအဲန်ယူ‌ပြော

၂၀၀၈ ‌ဘောင်ထဲမှ နိုင်ငံ‌ရေးပြဿနာ ‌ဖြေရှင်းနိုင်မည်မဟုတ်ဟု ‌ကေအဲန်ယူ‌ပြော

2818

ဇန်နဝါရီလ ၃ဝရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေသည် တက်လာသည့် အစိုးရတိုင်းကို ကာကွယ်‌ပေးထားသည့် သ‌ဘောရှိ၍ ၂၀၀၈ အရ ‌ပေါ်လာသည့် အစိုးရနှင့် ‌ဖြေရှင်းရမည့် အခက်အခဲကိစ္စရပ်များသည် ၂၀၀၈ ‌ဘောင်ထဲမှ ‌ဖြေရှင်းမည်ဆိုပါက အ‌ဖြေရှိမည်မဟုတ်ဟု ‌ကေအဲန်ယူ-အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ အကြပ်အတည်းကို ‌ကျော်လွှားရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး‌ပေါ်ထွန်းလာ‌စေရန် သက်ဆိုင် ရာ အစုအဖွဲ့များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အ‌ရေး‌ပေါ်အစည်းအ‌ဝေးတစ်ခုကို အမြန်ဆုံး ‌ခေါ်ယူရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဇန်နဝါရီ ၂၉ ရက်‌နေ့တွင် ‌ကြေညာချက်ထုတ် ပြန်လိုက်သည့်အ‌ပေါ် ၎င်းက ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“၂၀၀၈ကို အ‌ခြေခံပြီး‌တော့ပဲ ပြဿနာ‌ဖြေရှင်း‌နေမယ်ဆိုရင်‌တော့ အ‌ဖြေကမရှိတဲ့အတွက်‌ကြောင့် အမှန်တကယ် ပြဿနာ‌ပြေလည်‌ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးအတွက်ဆိုရင်‌တော့ အစိုးရ ဦး‌ဆောင်တဲ့ ဒီမိုက‌ရေစီ အင်အားစု‌တွေနဲ့ တပ်မ‌တော်၊ ကျ‌နော်တို့ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေကြားမှာ ‌တွေ့ဆုံညှိနှိုင်းမှုတစ်ခု အမြန်လိုအပ်တယ်။ ဒါက ကျ‌နော်တို့ နိုင်ငံရဲ့ထွက်‌ပေါက်တစ်ခုဖြစ်တယ်ဆိုတာ ‌ပြောလိုတာဖြစ်တယ်”ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

အဆိုပါ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်‌ကြေညာချက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ‌နေထိုင်နိုင်မည့် ပြည် ‌ထောင်စု ‌ပေါ်ထွန်းရန် ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေး လုပ်ငန်းစဉ်တွင် အနုတ်သ‌ဘော‌ဆောင်သည့် ပြဿနာ‌ဖြေရှင်းသည့် လုပ်ရပ်အားလုံးကို သက်ဆိုင်သူများက အစွမ်းကုန်‌ရှောင်ရှားရန်လိုပြီး ပြည်‌ထောင်စု အကျိုးကို‌ရှေးရှုပြီး ငြိမ်းချမ်းစွာ ညှိနှိုင်းအ‌ဖြေရှာသွားခြင်းသည် လက်ရှိနိုင်ငံ‌ရေးအကြပ်အတည်း၏ လိုအပ်ချက်တစ်ခု ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲတိုင်း၏ အရှုံး၊ အနိုင်၊ ရလဒ် တရားမျှတမှုတို့ကို ‌တောင်းဆိုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပြီး အငြင်းပွားမှုများအား သက်ဆိုင်ရာအစုအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံမှုအ‌ပေါ် အ‌ခြေခံ၍ ညှိနှိုင်း ‌ဖြေရှင်း ကြ‌စေလို‌ကြောင်း၊ အဓိကအားဖြင့် ဒီမိုက‌ရေစီ အနှစ်သာရ မပျက်‌စေဘဲ အပြန်အလှန် ‌လေးစား အသိအမှတ် ပြုမှုကို အ‌ခြေခံရန်လို‌ကြောင်း ‌ထောက်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံသည် သာမန်နိုင်ငံ‌ရေး အကြပ်အတည်းနှင့် သမာရိုးကျ စိန်‌ခေါ်မှုများကို ရင်ဆိုင်‌နေရခြင်း မဟုတ်သလို ကိုယ်ပိုင်းပြဌာန်းခွင့်နှင့် တန်းတူ‌ရေး၊ ကွဲပြား စုံလင်‌သော တိုင်းရင်းသားများ ဖြစ်တည်မှု ဝိ‌သေသ လက္ခဏာများ ပါဝင်သည့် ကျယ်ပြန်သည့် ပြဿနာရပ်များနှင့်လည်း ရင်ဆိုင်‌နေရခြင်း ဖြစ်သည်ဟု ‌ကေအဲန်ယူ က ‌ပြောသည်။

ထို့‌ကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနှင့် နိုင်ငံ‌ရေး အကြပ်မတည်းကို ‌ကျော်လွှာရာတွင် အာဏာလွန်ဆွဲမှုကို ‌ကျော်လွန်ပြီး ပြည်‌ထောင်စု ဖြစ်ထွန်း‌ရေးနှင့် ဒီမိုက‌ရေစီ စံနှုန်းများကို အ‌လေးထားသည့် သက်ဆိုင်ရာအစုအဖွဲ့ များ အားလုံးပါဝင်မည့် မျက်နှာစုံညီ ညှိနှိုင်းနိုင်သည့် အခင်းအကျင်းတစ်ခု အ‌ရေး‌ပေါ်လို အပ်‌နေသည်ဟု ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှု ရှိ‌နေသည့်အတွက် ‌ဖြေရှင်း‌ပေးရန် တပ်မ‌တော်က ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံ‌တောင်းဆိုထားပြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကမူ ဥပ‌ဒေများနှင့် အညီ ‌ရွေး‌ကောက်ပွဲ ကျင်းပခဲ့သည်ဟု တုန့်ပြန်‌ပြောဆိုထားသည်။ ထိုအငြင်းပွားမှုကို အ‌ကြောင်းပြုပြီး ဒီမိုက‌ရေစီ အသွင်းကူး‌ပြောင်း‌ရေး ရပ်တန့်သွားနိုင်သည့်အ‌ပေါ် အများပြည်သူတို့ စိုးရိမ်မှုများရှိ‌နေ‌ကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာအသီးသီးတွင် ‌ဖော်ပြထားသည့် သတင်းများတွင် ‌တွေ့ရသည်။