Home သတင်း ကရင်အာဇာနည်နေ့ ဝန်းရံသူ ထောင်ဒဏ် ၁၅ရက်ချမှတ်၊ ဦးဆောင်သူများကို စက်တင်ဘာ ၁ရက်တွင် ဆက်လက်ကြားနာ စစ်ဆေးမည်

ကရင်အာဇာနည်နေ့ ဝန်းရံသူ ထောင်ဒဏ် ၁၅ရက်ချမှတ်၊ ဦးဆောင်သူများကို စက်တင်ဘာ ၁ရက်တွင် ဆက်လက်ကြားနာ စစ်ဆေးမည်

1487

သြဂုတ် ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စဖန်းရှောင်း

ရန်ကုန်မြို့တွင် ယမန်နှစ်က ကျင်းပခဲ့သည့် ၆၉ နှစ်မြောက် ကရင်အာဇာနည်နေ့အားဝန်းရံခဲ့သဖြင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့်တရား ရင်ဆိုင်နေရသည့် ဒေါ်စိန်ထွေးကို အဆိုပါ ပုဒ်မဖြင့် ယနေ့ (သြဂုတ်လ ၂၇ ရက်နေ့ ) ကျောက်တံတားမြို့နယ် တရားရုံး၌ ထောင်ဒဏ် ၁၅ ရက်အမိန့်ချမှတ်လိုက်သည်။

ထို့အတူ ယခုနှစ် ကျင်းပသည့် နှစ် ၇၀ ပြည့်ကရင်အာဇာနည်နေ့တွင် တရားစွဲဆိုခံရပြီး အမှုရင်ဆိုင်နေရသည့် စသိန်းဇော်မင်း၊ စောဆာကွာလာတို့လည်း စက်တင်ဘာလ ၁ ရက်နေ့(အင်္ဂါနေ့)တွင် ရုံးချိန်းအဖြစ် ထပ်မံချိန်းဆိုပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။

ဒေါ်စိန်ထွေးအနေဖြင့်လည်း အဆိုပါ ငြိမ်းစုစီ ပုဒ်မ ၂၀ဖြင့် ထပ်မံ တရားစွဲဆိုခံရသည့်အတွက် စသိန်းဇော်မင်း၊ စောဆာကွာလာတို့နှင့်အတူ ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်သည်ဟုလည်း သိရသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀ ဖြင့် အဆိုပါ သုံးဦးကို သြဂုတ်လ ၂၄ ရက်နေ့က စတင်တရားစွဲဆိုခဲ့ပြီး ယနေ့ ကျောက်တံတားမြို့ နယ်တရားရုံးတွင် အမှုကို စတင်ကြားနာစစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

“ ဒီနေ့ကတော့ မစိန်ထွေး ပထမအမှုကို အမိန့်ချတယ်။ ပြီးတော့ တရားလိုက ၁ ယောက်နဲ့ သက်သေက ၄ ယောက်ကို စစ်ဆေးပြီးနောက်တစ်ပတ်ပြန်ချိန်းလိုက်တာပေါ့။ နောက်အပတ်ရုံးချိန်းဆိုရင်တော့ တရားစွဲဆိုခံရ သူဘက်ကို ပြန်လည်စစ်ဆေးသွားမယ်လို့ သိရတယ်” ဟု ကရင်အာဇာနည် နေ့ကျင်း ပရေးမတရား ဖမ်းခံရမှုအတွက် တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့မှ နော်ဆဲဆဲကပြောသည်။

ယမန်နှစ်က ရန်ကုန်တွင်ကျင်းပသည့် ၆၉ နှစ်မြောက်ကရင်အာဇာနေ့အခမ်းအနားကြောင့် နော်အုန်းလှ အပါအ၀င် ကရင်လူငယ် နှစ်ဦးဖြစ်သည့် စောအဲလ်ဘတ်ချိုနှင့် စသိန်းဇော်မင်းတို့ ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့်တရားစွဲခံရပြီးနောက် ကျောက်တံတားမြို့နယ်တရားရုံးမှ ၎င်းတို့ သုံးဦးအား ထောင်ဒဏ် ၁၅ ရက်ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့ဖူးသည်။