ရောင်နီပေါ်တဲ့အထိ
လက်ပန်းခြေပန်းကျလို့
ထိုင်နားနေရင်တောင်
ကိုယ့်လက်ထဲက ဓားတစ်လက်
ချ မသွားလိုက်ပါနဲ့….
လွယ်ထား…
ကိုင်ထား…
မြဲမြဲသာ ဆောင်ထား..။
ကြာခဲ့ပြီ
ကြာပေမယ့် မမေ့ကောင်းတဲ့ ပုံရိပ်တစ်ခု
စစ်တောင်းမြစ်ထဲ မျောသွားတဲ့
သူတို့နှစ်ယောက်ရဲ့ အလောင်း
ပြန်ဆယ်ယူတော့
အသက်မရှူတော့ဘူး
ထူးဆန်းတာက
အသက်ထွက်သွားတာတောင်
သေနတ်ကို ဖက်ထားသေးတယ်..တဲ့
ဒီအကြောင်း ဖတ်လိုက်ရလို့
ချဲ့တွေးမိတယ်
ဒါဆို သူတို့က သေတဲ့အထိ
လက်နက် မချဘူးပေါ့။
ဒီနေ့…
တောင်ပံခတ် မြေလူးငှက်
ပျံလျက်နဲ့ ခရီးမရောက်တဲ့ ချည့်နဲ့နဲ့ ဘဝ
လှုပ်လည်း မထူးဘူး
လှုပ်ပြီး မလုပ်ရင် ခွင်ကျဉ်းသွားမလားပဲ…
ဘာထူးလဲ..
ဘေးကြည့်ဘုပြောတာ
အရသာ အရှိဆုံး
ဒီလိုစကား ကြားနေကျမို့လို့
နားတော့ ယဉ်သွားတယ်
ဘာကြောင့်လဲ…
ပကတိ အခြေအနေတချို့
မှန်နေလို့ပေါ့။
ရုပ်ပိုင်းဆိုင်ရာ အရ
သိုလှောင်ထားတဲ့ ရိက္ခာတွေ
ငွေအသပြာတွေ
အခိုးအငွေ့တွေ
ေြွခပစ် မကုန်အောင်
အမှောင်ထု ကြီးစိုးတဲ့ကာလ
သမီးရည်းစား စကားပြောသလို
ဖွင့်ဟလို့ မပြောရဲဘူး
ပွင့်ထွက်သွားမယ်
ခေါင်းအပို မပါဘူး
ဒီလိုစကား ကြားဖန်များတော့
ရင်ထဲ ပက်ကြားအက်သွားတယ်
စစ်တောင်းမြစ်ထဲကလို
မြဲမြဲကိုင်ထားတဲ့ သူတွေအတွက်
လုပ်ရကိုင်ရ ခက်လို့ပေါ့။
အရောင်ကျတဲ့ အချိန်မှာ
ရရာနဲ့ ပြန်ခြယ်
ရှိတာနဲ့ တည်ဆောက်
ဒူးမထောက်နဲ့
လက်မမြောက်နဲ့
ကိုယ့်လက်ထဲက အရာ
ကိုယ့်အသက် ကိုယ့်ကမ္ဘာ
ဆက်သာကိုင်ထား….
အမြဲတမ်း ကွေးထား…
ရောင်နီပေါ်တဲ့ အထိပေါ့။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
(၇၁ – နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အား ဤကဗျာဖြင့် ဂုဏ်ပြုလျက်)