စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)၏ လုပ်ငန်းစဉ် မဟာဗျူဟာ ပြန်လည် သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ဖားအံမြို့ ၊ တော်ဝင် ရတနာ ဟိုတယ်တွင် စတင်ကျင်းပလျက်ရှိသည်။
ယနေ့ပြုလုပ်သည့် Review and Strategy Development Workshop တွင် KUPCမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် အခြေအနေများကို ပြန်လည်သုံးသပ်ဆွေးနွေးခြင်းအပြင် လာမည့် ၃နှစ်အတွင်း ဦးစားပေးလုပ်ဆောင်သွားမည့် အစီအစဉ်များနှင့်ပတ်သက်သည်များကို ၃ ရက်တာ ဆွေးနွေးသွား မည်လည်း ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၄ရက်နေ့မှစတင်ပြီး ၂၆ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ ကရင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့၊ ကရင်နိုင်ငံရေးပါတီ၊ ကရင်လူမှုအဖွဲ့အစည်း၊ ကရင်ဘာသာရေးခေါင်းဆောင်၊ ဒေသဆိုင်ရာ ကရင်ကိုယ်စားလှယ်များနှင့် နည်းပညာအထောက်အကူပြုအဖွဲ့များမှ တက်ရောက်လျက်ရှိသည်။
ကရင်အရေးအရာနှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး ကရင်အမျိုးသား အဖွဲ့ အသီးသီး၊ အလွှာအသီးသီးမှ စုပေါင်း၍ KUPC ကို ၂၀၁၃ခုနှစ်တွင် စတင်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။