ဇူလိုင် ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ နေနော်
မြဝတီမြို့ တုိုးချဲ့ရပ်ကွက် ဖော်ဆောင်မှုအတွက် နေအိမ်ဖြိုဖျက်ခံရသူများ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ (ဇူလိုင် ၂ ရက်) နံနက်က မြဝတီမြို့ ကရင့်အမျိုးသားနှစ်သစ်ကူး ကွင်း၌ ပြုလုပ်သည့် ကရင့်လက်နက်ကိုင် ၄ ဖွဲ့နှင့် တိုးချဲ့ရပ်ကွက် ဖော်ဆောင်မည့် နေရာတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံပွဲတွင် လက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက် နှင့် ၃ဝ ရက်နေ့များတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အစိုးရ တာ ဝန်ရှိသူများနှင့် ကရင့်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှတာဝန်ရှိသူတိုပါဝင်သည့် စုစုပေါင်း လူအင်အား ၂၅ဝခန့်က မြေတူးစက်၊ မြေထိုးစက်ယန္တရားများ၊ လူအင်အားများဖြင့် မြဝတီတိုးချဲ့ရပ်ကွက် ၆ နှင့် ၇ အတွင်းရှိ နေအိမ်များကို ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
၎င်းလုပ်ဆောင်မှုနှင့်ပတ်သက်၍ ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ ၇ မှ ဗိုလ်မှူး ကြီးစောဖောဒို၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ (B.G.F) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စော ချစ်သူ၊ KNU/KNLA-PC- ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီး စောရွှေကျော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်-DKBAမှ ဒုဗိုလ်မှူးကြီး စောဝေ့ထူးတို့ပါဝင်သော ကရင့်လက်နက်ကိုင် ၄ ဖွဲ့မှ ခေါင်းဆောင်များနှင့် တိုးချဲ့ရပ်ကွက်တွင်းရှိ ပြည်သူ ၂ဝဝ ကျော်တို့တွေ့ဆုံစဉ် လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
နယ်ခြားစောင့်တပ်များ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက“တိုးချဲ့ရပ်ကွက် ၆၊ ၇ ဖော်ဆောင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင့်လက်နက်ကိုင် ၄ ဖွဲ့တို့ သုံးကြိမ်မက ဆွေးနွေးခဲ့တယ်။ အဲဒါကို ဖော်ဆောင်ရာမှာ ကရင့်လက်နက်ကိုင်များနဲ့ ပတ်သက်မှုရှိပါက တာဝန်ယူမည်ဟု ပြော ထားခဲ့ပါတယ်။ အဲ့ဒါကြောင့် ဒေသတာဝန်ရှိသူများ ကောက်ထားသောစာရင်းအရ အိမ်ခြေ ၄၃ဝ ထဲမှာ ပါဝင်သော ပြီးခဲ့တဲ့ ၂၉ ရက်နဲ့ ၃ဝ ရက်နေ့က ဖျက်ခဲ့တဲ့ အိမ်ရာပိုင်ရှင်များရဲ့ နစ်နာမှုကို ၁၀ဝ ရာခိုင်နှုန်း အပြည့်အဝမဟုတ်ပေမယ့် ၇ဝ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိအောင် အကောင်းဆုံးဆောင်ရွက်ပေးပါမယ်။ ”ဟု တွေ့ဆုံပွဲတွင် ပြောကြားသည်။ 
ထို့အပြင် ကျန်ရှိနေသေးသည့် နေအိမ်များကိုလည်း ထပ်မံမဖျက်အောင် တာဝန်ယူကြောင်း၊ သို့သော် ရပ်ကွက်ဖော်ဆောင်သည့်နေရာတွင် လမ်းနှင့်မလွတ်သော အိမ်အချို့သာဖယ်ရှားပြီး နီးစပ်ရာတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း၊ နေအိမ်မဆောက်ထားသော်လည်း ၎င်းတို့လက်နက်ကိုင်အဖွဲ့များထံမှ ဝယ်ယူထားသော စာချုပ်စာတမ်းတင်ပြနိုင်သူများကိုလည်း နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောချစ်သူက ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်မှူးကြီးစောဖောဒိုကလည်း “ငြိမ်းချမ်းရေးနဲ့ မြေယာပြဿနာမှာ ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ရပ်ကွက် ၆၊ ၇ မြေယာပြဿနာမှာ ကျနော်တို့အနေနဲ့ အကောင်းဆုံးဖြေရှင်းပေးမည်ဖြစ်ပါတယ်။ တရားမဝင်မြေများကို တရားဝင်မြေဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ အစိုးရနဲ့ သဘောတူညီမှုရရှိထားပြီး ဒီကနေ့ ဆွေးနွေးပွဲသို့ ရောက်ရှိလာသောပြည်သူများအနေနဲ့ သောကမထားပါနဲ့ ၊ ကျနော်တို့ အတတ်နိုင်ဆုံး ညှိနှိုင်းပေးပါမယ်”ဟု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
မြေဧရိယာ ၅၄ဝ ဒသမ ၇၁ ဧကရှိ ၎င်းတိုးချဲ့ရပ်ကွက် ၆၊ ၇ ဖော်ဆောင်မည့် မြေနေရာသည် တပ်စွန့်လွှတ်မြေဖြစ်ပြီး လူနေထိုင်ခြင်းမရှိဘဲ ဆောက်လုပ်ထားသည့်နေအိမ် ၂၇၅ လုံးကို ဖယ်ရှားရှင်းလင်းလိုက်ခြင်းဖြစ်သည်။ အဆိုပါ နေအိမ်ဖယ်ရှားခံရသူများအနေဖြင့် အစားထိုးနေရာများ ပြန်လည်ရရှိရန် သက်ဆိုင်ရာသို့ နေထိုင်ခွင့်လျှောက် ထားပါက မဲကနယ် မြို့ သစ်အိမ်ရာစီမံကိန်းတွင် ပေ(၂ဝ x ၆ဝ) မြေနေရာများဖြင့် အစားထိုး ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများက ပြောဆိုထားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသော တိုးချဲ့ရပ်ကွက် ၆ တွင် နေထိုင်သူ နန်းမူခွယ်က “သူတို့ကတော့ ဖြစ်ဖျက်ပြီးတဲ့ ကိစ္စရပ်များအပေါ် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးမယ်လို့ပဲ ပြောပါတယ်။ ဘယ်အချိန် ဘယ်ကာလမှာ နစ်နာမှုအတွက် ဘယ်လိုပြန်ကူညီမလဲဆိုတာကို အတိအကျ ကတိကဝတ်တော့ မပေး သွားပါဘူး။ လက်ကျန်အိမ်တွေကိုတော့ မဖျက်ဘူးဆိုပေမယ့် အစိုးရစီမံခန့်ခွဲခွင့်အခွန်အဖြစ် ငွေသွင်းရမယ်လို့ ဆိုပါတယ်။ သွင်းရမယ့်ငွေက သင့်တင့်မျှတမှုမရှိဘဲ အဆမတန်များနေမယ်ဆိုရင် ကျမတို့အနေနဲ့ မ သွင်းနိုင်မှာကို စိုးရိမ်တယ်”ဟု ပြောသည်။

အငြင်းပွားမှုဖြစ်ပေါ်နေသည့် မြဝတီမြို့ ရပ်ကွက်သစ်ဖော်ဆောင်မည့် မြေနေရာကို ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးခင် ၂ဝ၁၂ ခုုနှစ်ကတည်းက ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်သဘော တူညီချက်အရ မြေ ၁၁၇ ဧက ခန့်ကို ကေအဲန်ယူ၏ မြေယာမူဝါဒနှင့်အညီ လက်မှတ်ထိုးပြီး ပိုင်ဆိုင်ခွင့် ထုတ်ပေးထားခြင်းဖြစ်သည် ဟု လယ်ယာနှင့် စိုက်ပျိုးရေးဌာနမှူး ဖားအံခရိုင် အမြဲတမ်းကော်မတီဝင် ပဒိုစောပီတာသိန်းဒိုက ဇွန်လ ၁၂ ရက်နေ့က ပြုလုပ် သည့် ရပ်ကွက်သစ်ဖော်ဆောင်မည့်ကိစ္စ နေအိမ်ဖယ်ရှားခံရမည့်သူများ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
မြဝတီမြို့ တိုးချဲ့ ရပ်ကွက် ၆၊ ၇ ဖော်ဆောင်ရန်အတွက် ဒေသအာဏာပိုင်များက ယခုနှစ် မေလ ၃၁ရက်နေ့က အဆိုပါနေရာတွင် နေထိုင်သည့် ပြည်သူများအား ၁၄ ရက်အတွင်း ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ဥပဒေအရ အရေးယူမည်ဟူသော နို့တစ်(အသိပေးစာ) ဗီနိုင်းစိုက်ထူထားမှုကို ယင်းနေရာတွင် နေထိုင်ကြသော ပြည်သူများ ကို အထိတ်တလန့်ဖြစ်စေရန် ခြိမ်းခြောက်စာသဘောဖြစ်၍ ကျေနပ်မှုမရှိဟုဆိုကာ ဇွန်လ ၁၂ရက်နေ့တွင် နေ အိမ်ဖယ်ရှားခံရမည့်သူများက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြသည်။ ထိုနောက် နေအိမ်ဖယ်ရှားခံမည့် ကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၇ ရက်နေ့တွင် ဖားအံမြို့၌ သွားရောက်ဆန္ဒထုတ် ဖော်ကြမည့် ပြည်သူများ စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ကော့ကရိတ်မြို့ ၊ လှိုင်ဝဂိတ်အရောက်တွင် တားမြစ်ခံခြင်းခဲ့ရသေး သည်။
ပြီးခဲ့သည့် ၂၉ ရက်နေ့က ရပ်ကွက် ၆၊ ၇ တွင် ဒေသတာဝန်ရှိသူများမှ နေအိမ်များကို ဖယ်ရှားရှင်းလင်းရေးဆောင်ရွက်စဉ် နန်းမူခွယ်၊ နန်းစေးဖော၊ ဦးမင်းဆွေ၊ နန်းအေးအေးကြိုင်နှင့် ဦးလင်းလင်းအောင်တို့က တာဝန်ရှိသူများအား ပြောဆို ပြုမူဆောင်ရွက်မှုအပေါ် နေအိမ်ဖယ်ရှားရှင်းလင်းရေး (A)အဖွဲ့ မှ မြဝတီခရိုင်အား ကစား နှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိုင်းထွန်းဇော်က တရားလိုပြုလုပ်၍ မြဝတီမြို့ မရဲစခန်းတွင် (ပ)၈၃၀/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၅၃၊ ၁၄၇၊ ၅၀ဝ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။



















