ဇူလိုင် ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းတိုက်နယ် ပြည်သူ့ဆေးရုံတွင် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့က အသက် ၂၄နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ သုံးမွှာပူးကလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်ဟု ဆေးရုံတာဝန်ခံ ဒေါက်တာဖြူဖြူဝင်း က ကေအိုင်စီသို့ ပြောသည်။
အဆိုပါ သုံးမွှာပူး ကလေးမွေးဖွားသူမှာ တောင်စွန်းကျေးရွာနေ နော်ကမူးဖောဖြစ်ပြီး ကလေးမွေးဖွားပေးရသည့် အခြေအ နေနှင့်ပတ်သက်၍ ဒေါက်တာ ဖြူဖြူဝင်းက ယခုလို ပြောသည်။
“ဆေးရုံကို ၁ဝ နာရီခွဲကျော်ကျော်ရောက်တော့ မွေးခါနီးနေပြီး။ လမ်းမှာ မတော်တဆထွက်သွားရင် ကလေးတွေရော၊ အမေရော စိတ်ပူတဲ့အတွက် ဒီမှာပဲ မွေးပေးလိုက်တယ်ပေါ့နော်။ ပထမ ကလေးကတော့ ရိုးရိုးမွေးလိုက်တယ်။ နောက် ၂ ယောက်က ခွဲမွေး ပေးလိုက်တယ်။ ကလေးက အကောင်ငယ်တော့ မနက်မှာ လူမှုကယ်ဆယ်ရေးကားနဲ့ လွှဲပေးလိုက်တယ်။ ခုလောလောဆယ် အမေရော၊ ကလေးရော မော်လမြိုင် အမေရိကန်ဆေးရုံမှာပဲ” ဟု ဒေါက်တာက ယနေ့ (ဇူလိုင် ၃) တွင် ပြောသည်။
ကျား ၂ ဦး မ ၁ ဦးဖြင့် သုံးမွှာပူးမွေးထားသူ ကလေးမိခင်သည် လက်ရှိတွင် မော်လမြိုင်မြို့ အမေရိကန် ကလေး အထူးကုဆေးရုံကြီး၌ ကလေးရော မိခင်ပါ ကျန်းမာရေးအခြေအနေအရ တစ်လကြာနေထိုင်ရမည် ဖြစ်သည့်အတွက် ငွေကြေးအခက်အခဲရှိနေသည်ဟု နော်ကမူးဖော၏ အမျိုးသားဖြစ်သူ စောချာ့ပစ်တစ်က ပြောသည်။
သုံးမွှာပူးကလေး၏ ဖခင် စောချာ့ပစ်တစ်က “အိမ်ထောင်ကျတာ တစ်နှစ်ပဲ ရှိသေးတယ်။ တောင်ယာခုတ်ပြီး အသက်မွေး တာ ပေါ့နော်။ ခုလိုသုံးမွှာပူးမွေးတော့လည်း သွားလာစားတာကအစ ငွေကြေးအခက်အခဲရှိတာပေါ့နော်။ ငွေ ၃ သိန်းလောက်နဲ့ တစ် လလောက်ဆေးရုံမှာ နေရမယ်ဆိုတော့ အတော်လေးအခက်ခဲဖြစ်နေတယ်။ လာရောက်ကူညီတာမျိုး မရှိသေးဘူးပေါ့နော်။ ဆေး ဖိုးတောင် မပေးနိုင်သေးဘူး” ဟု ပြောသည်။
နော်ကမူးဖောနှင့် စောချာပစ်တစ်တို့လင်မယားသည် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး ယခု မွေးလာသည့် သုံးမွှာပူးကလေးမှာ ပထမဦးဆုံးမွေးဖွားသည့် ကလေးဖြစ်သည်ဟု သိရသည်။



















