ဖေဖော်ဝါရီ ၁၁ရက်၊ ၂ဝ၁၉ ခုနှစ်။
ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ( ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း)မှ ယနေ့ ကျရောက်သည့် (၇၁)နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အမှတ်တရစကား။
———————————-
အခုလို (၇၁)နှစ်မြောက် ကရင်အမျိုးသားနေ့ ဖြစ်ပေမယ့် နာယကဆရာတော်ကြီးပြောသွားတာ သူတစ်ခါမှ မသိခဲ့ဘူး။ အခုမှ သိတယ်ဆိုတော့ တော်တော်ကို ဝမ်းနည်းဖွယ်ရာ ကိစ္စဖြစ်ပါတယ်။ ဒါသိပ်အရေးကြီးတယ်။ သမိုင်းကို မသိရင် “ အ ” ကျန်ရစ်ခဲ့မယ်။ ဒါကြောင့် ကျနော်တို့ ကရင်အမျိုးသားတွေ မိမိတို့လူမျိုးရဲ့ သမိုင်းကို သိအောင်လုပ်ရမယ်။ မသိရင် “ အ” ကျန်ရစ်ခဲ့မယ်။ ဒုတိယအကြိမ် ထပ်ပြောတာ။ “အ” ချင်ရင်တော့ မသိအောင်လုပ်ပေါ့။
အခု ကရင်အမျိုးသားနေ့ ကျင်းပတာ ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့။ ကျနော့်အသက် ၇၈နှစ် ရှိပါပြီ။ ကျနော်တို့တစ်တွေသည် ဒီလောက်ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ၇၁ ကြိမ်မြောက်သော ကရင်အမျိုးသားနေ့ကို အခုမှ မနှစ်က မဒေါ့ချောင်းမှာတစ်ကြိမ်၊ အခု စခန်းကြီးမှာ တစ်ကြိမ် ဒါပဲ ကျင်းပနိုင်တယ်။ လက်ဦးကျင်းပခဲ့လို့လား။ ပြန်စဉ်းစားကြည့်။ အဲ့ဒါကြောင့် ကျနော်တို့ တစ်တွေသည် ပြိုင်တူတွန်းရင် ရွေ့တယ်ဆိုတဲ့အတိုင်း ကျနော်တို့ ကရင်အမျိုးသားတိုင်း၊ ကျနော်လေးစားသော ကျနော်တန်ဖိုးထားသော ကရင်အမျိုးသားတိုင်း စည်းလုံးနေဖို့ ညီညွတ်နေဖို့ အရေးကြီးပါတယ်။ ရေးထားတဲ့အတိုင်း ကြွေးကြော်သံလေးချက်နဲ့ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ တစ်ပြည်လုံးအင်အား လေးသိန်းငါးသောင်းလေးထောင်ကျော် တက်ပြီးတော့ တောင်းဆိုတဲ့ နေ့ကစပြီး ကရင်အမျိုးသားနေ့ ပေါ်လာတယ်။
ဒါကို နောက်နှစ်ပေါင်း၊ နှစ်ပေါင်း ကျနော်တို့သေပြီးတဲ့အထိ ဆက်ပြီးတော့ ကျင်းပနိုင်ဖို့ ကျနော်တို့ ကြိုးစားရမှာ ဖြစ်တဲ့အတွက်ကြောင့် တစ်ဦးကိုတစ်ဦး ယုံယုံကြည်ကြည်ရှိဖို့လိုတယ်။ ယုံမှကြည်မှာနော်။ မယုံရင် ကြည်မှာမဟုတ်ဘူး။ ယုံပြီးကြည်လင်ဖို့ ရန်အတွက် ကျနော်တို့ ကရင်တွေအားလုံး မို့ထိပ် (ပိုးကရင်) ဖထိပ်(စကောကရင်) မခွဲခြားကြပါနဲ့။ ကျနော်တို့ကရင်တွေ ညီညွတ်ကြဖို့ လိုတယ်။ ဒီနေ့ကြီးကို ကျနော် တန်ဖိုးထားလို့၊ မြတ်နိုးလို့၊ ဆန္ဒရှိလို့ ဒီပွဲကို အရောက်လာခြင်းဖြစ်တယ်။ တို့တစ်တွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီကရင်အမျိုးသားနေ့ မြောင်းမြမှာဆိုရင် မနှစ်က မဒေါ့ချောင်းကျေးရွာမှာလုပ်တယ်။ ဒီနှစ် စခန်းကြီးမှာ ဖြစ်တယ်။ အဲ့ဒါကို ဒီမှာဖြစ်အောင် စလိုက်တာ တို့ဝန်ကြီးချုပ် ဘဝတုန်းက ဖြစ်တယ်။ နောက် ဆက်ပြီးအောင် လုပ်နိုင်အောင်လည်း ဖြစ်အောင် ကြိုးစားရမယ်။ ကရင်အမျိုးသားနေ့ လုပ်တယ်ဆိုတာ သူပုန်ထတာ မဟုတ်ဘူး။ အားလုံးအမျိုးသားရေးစိတ်ဓာတ် ရှိလာအောင် ဖြစ်တယ်။
တို့ကရင်လူထုက အဲ့ဒီလို စည်းလုံးညီညွတ်ဖို့ ဆိုရင် တစ်ဦးအပေါ်တစ်ဦး ရယူလိုမှုထက် အနစ်နာခံတဲ့စိတ်၊ အ လုပ်အကျွေး ပြုလိုတဲ့စိတ် ပေါင်းစပ်ပြီးတော့ စုပေါင်းဦးဆောင်လိုတဲ့စိတ် တို့လူကြီးတွေရော၊ လူငယ်တွေရော အများကြီးလိုအပ်ပါတယ်။ အဲ့လို စိတ်ဓာတ်မရှိတဲ့ ကာလပတ်လုံး လုံးဝမတိုးတက်နိုင်ဘူး။ သူများနောက်မှာ ကျန်နေခဲ့လိမ့်မယ်။ စည်းစည်းလုံးလုံးနဲ့ ရေရှည်မှာ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် တွေ့ပေးဖို့လိုတယ်။ တွေ့ပေးတဲ့အခါမှာ သူ့သဘောထား၊ ကိုယ့်သဘောထား ဘယ်လိုသွားမလဲ။ ဘယ်ကဲ့သို့ လုပ်ဆောင်မလဲဆိုတာ အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့်မလို့ မတွေ့ပေးလို့ မရဘူး။ ကော်မတီဖွဲ့ပေးပြီးတော့ အလုပ်ကို လုပ်မှ ဖြစ်မယ်။ အဲ့လိုမလုပ်ပေးဘူးဆိုရင် ငါတို့နောက်မှာ ကျန်နေခဲ့မှာဘဲ။
ငါတစ်ယောက်တည်းနဲ့ ငါ့ဘာသာငါ လျှောက်ပြောနေလို့ မရဘူး။ လက်ငါးချောင်းလိုပေါ့။ အားလုံးပူးပေါင်း ပါဝင်ဖို့ လိုတယ်။ ငါသည် လက်မဆိုပြီးတော့ ကျယ်နေလို့ မဖြစ်ပါဘူး။ ဒီတစ်ချောင်းတည်းနဲ့ ဘာလုပ်လို့ရ မှာလဲ။ လက်သန်းကလည်း ငါအငယ်ဆုံးမလို့ အားငယ်နေစရာလည်း မလိုပါဘူး။ ဒီလက်ချောင်းအားလုံး စုစည်းညီလိုက်မယ်ဆိုရင် လာစမ်းပါ ညာလက်ရုံး။ ဒီလက်ငါးချောင်း ညီတော့မှ ညာလက်ရုံးဆိုတာ ဖြစ်တာ။ ညာလက်ရုံးဖြစ်တော့မှ ခန္ဓာကိုယ်အတွက် အလုပ်လုပ်လို့ရမှာ။ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။ ဒီလိုပဲ တို့ကရင်တွေကလည်း တစ်ရွာမှသည် တစ်ရွာ ၊ တစ်နယ်မှသည် တစ်နယ် အားလုံးတစ်ယောက်နဲ့ တစ်ယောက်မြင်အောင်၊ တွေ့အောင် ကြိုးစားကြပြီးတော့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရမယ်။ အရည်အသွေးရှိမှသာလျှင် အားလုံးကို အောင်မြင်နိုင်မယ်။ ကိုယ့်အရည်အသွေးရှိအောင် လုပ်ပါ။ ကြိုးစားကြပါ။