နိုဝင်ဘာလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းမှ ပြည်နယ်ဂုဏ်ဆောင်နှင့်နိုင်ငံ့ဂုဏ်ဆောင် အလှမယ်လေးများ ပေါ်ထွက်လာရေး ရည်ရွယ်ပြီး Miss Teen Universe Hpa-an 2018 အမည်ရသည့် အလှမယ်ရွေးချယ်ပွဲ တစ်ခုကို ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ထိုသို့ကျင်းပရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ Miss Teen Universe Hpa-An 2018 ၏ Country Director ဖြစ်သူ စောဇေယျာဝင်းက ယခုလိုပြောသည်။
၎င်းက “ ကျနော်အနေနဲ့ ဒီလို Miss ပွဲတွေ၊ ရှိုးပွဲတွေ၊ ဖက်ရှင်ပွဲတွေကို ကရင်ပြည်နယ်မှာ လုပ်ချင်နေတာ၊ စိတ်လည်းဝင်စားတယ်။ နောက်ပြီး ကရင်ပြည်နယ်မှာ ကရင်မလေးတစ်ယောက်ကိုပေါ့၊ တိုင်းရင်းသူလေး တစ်ယောက်ကို ကိုယ့်ပြည်နယ်အတွက် တိုးတက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်”ဟုပြောသည်။
Miss Teen Universe Hpa-An 2018 အလှမယ်ရွေးချယ်ပွဲအတွက် ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့မှ ပါဝင်ယှဉ် ပြိုင်လိုသူ အလှမယ် အယောက် ၂ဝ ကျော် စာရင်းပေးသွားထားပြီး ထိုအထဲမှ ဆန်ကာတင် အလှ မယ် ၁ဝ ဦးကိုရွေးချယ်ခဲ့ရာ တစ်ဦးမှာ ကျန်းမာရေးအခြေအနေအရ နှုတ်ထွက်လိုက်ရသည့်အတွက် ယမန် နေ့ပြိုင်ပွဲတွင် ၉ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်စေရာ ပြိုင်ပွဲကို အကဲဖြတ်ဒိုင် ၆ ဦးမှ အကဲဖြတ်အမှတ်ပေးခဲ့ပြီး ဆန်ကာတင်အလှမယ် ၉ ဦး ထဲမှ Top 5 (၅)ဦးကို ထပ်မံရွေးချယ်ခဲ့နောက် သထုံမြို့နယ်မှ ပြိုင်ပွဲဝင်ခါးနံပါတ်-၉ မဖူးပွင့်စုံက Miss Teen Universe Hpa-an 2018 ၏ First Winner ဆုကို ဆွတ်ခူးရရှိသွားသည်။
ယခု First Winner ရရှိသွားသူ မဖူးပွင့်စုံအနေဖြင့် လာမည့် ၂၀၁၉ နှစ်ဆန်းပိုင်း နေပြည်တော်တွင် ပြုလုပ်မည့် Teen Universe Naypyitaw Grand final ပွဲတွင် သွားရောက်ယှဉ်ပြိုင်ဖြစ်သည်ဟုလည်း သိရသည်။



















