စက်တင်ဘာ ၂၅ရက်၊ ၂ဝ၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် ဖားအံမြို့က ဟိုတယ်တစ်ခုရဲ့အပေါ်ဆုံးအထပ်မှာ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်ဦးရေ ၅၀ဝ ကျော်နဲ့ ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကို ကျင်းပနေပါတယ်။ သွက်သွက်လက်လက် ဆူဆူ ညံညံလှုပ်ရှားသွားလာနေကြတဲ့ အရောင်အသွေးစုံ၊ အရွယ်စုံ အမျိုးသမီးတွေအကြား ဝှီးချဲ (တွန်းလှည်း) ပေါ်မှာငြိမ် သက်စွာထိုင်နေတဲ့ အသက် ၇ဝ နီးပါးအရွယ် အဘွားအိုတစ်ယောက်လည်း ပါဝင်တယ်။ အသက်အရွယ်ကြောင့် ဝေသီ နေပြီဖြစ်တဲ့ သူမရဲ့မျက်လုံးတွေဟာ ကျေနပ်ပျော်ရွှင်ခြင်းတွေနဲ့ တောက်ပသယောင်ဖြစ်နေပါတယ်။
သူမက သာမန် အမျိုးသမီးတစ်ယောက်တော့ မဟုတ်ပါဘူး။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကာလတွေမှာ ပဋိပက္ခဒေသမှာ အမျိုးသားတွေတောင် မလုပ်ရဲတဲ့ ကျေးရွာ ခေါင်း ဆောင်အဖြစ် ရွာသူကြီးမ တာဝန်ကို နှစ် ၂ဝ ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့နာမည်ကတော့ နော်မြဖြစ်ပါတယ်။
သူအခုရောက်နေတာတော့ ကရင်ပြည်နယ်မှာ စက်တင်ဘာလ ၁၉ ရက်ကနေ ၂၁ရက်နေ့ထိ ပြုလုပ်တဲ့ ငြိမ်းချမ်းရေး အတွက် အမျိုးသမီးများ ဖိုရမ်ပါ။ သူနေထိုင်ရာ သထုံခရိုင် ဘီးလင်းမြို့နယ် KNU (ကရင်အမျိုးသားအစည်းအရုံး) တပ်မဟာ ၁ နယ်မြေ ပျဉ်းမပင်ဆိပ်ကျေးရွာကနေ ကုန်းတစ်တန် ရေတစ်တန်ခရီးကို လမ်းမှာ တစ်ညအိပ်ကာ လာပြီး တက်ရောက်ခြင်းဖြစ်ပါတယ်။
“အစိုးရစစ်တပ် လာပစ်တဲ့အချိန်မှာ အမျိုးသားလောက် မပြေးနိုုင်လို့ ကျောကုန်းမှာ သေနတ်ဒဏ်ရာရသွားတယ်၊ အဲဒီ ဒဏ်ရာရဲ့ နောက်ဆက်တွဲကြောင့် အဘွား အခုခြေထောက် အောက်ပိုင်းသေသွားတယ်” လို့ ကရင်တိုင်းရင်းသူ နော်မြ တစ်ယောက် သူမအသက်မသေဘဲ ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကြီးကို တွန်းလှည်းလေးပေါ်ကနေ ပြန်ပြောပြနေတာပါ။
သေနတ်သံမကြားအောင် ကြားဝင်ညှိနှိုင်းဖို့ကြိုးစားရင်း သေနတ်ပစ်ခံရခြင်း
နော်မြ အသက် ၃၁ နှစ်အရွယ်မှာ အိမ်ခြေ ၄၀ဝ ရှိတဲ့ ပျဉ်းမပင်ဆိပ်ကျေးရွာမှာ ရွာသူကြီးမ ဖြစ်လာခဲ့ ပြီးနောက် သူမရွာသူကြီး လုပ်ပြီး နှစ်၂ဝ နီးပါး အကြာ ၁၉၉၈ ခုနှစ်မှာ သေနတ်အပစ်ခံရပါတယ်။
သူကြီးတစ်ယောက်အနေနဲ့ မြန်မာ့တပ်မတော်နဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင် KNU အကြား တိုက်ပွဲမဖြစ်အောင် ရွာပြင်မှာရှိနေတဲ့ KNU ဘက်ကို သွားရောက် သတိပေးတာကနေ မြန်မာ့ တပ်မတော်ရဲ့ သေနတ် ထိမှန်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ပဋိပက္ခဒေသမှာ ရွာကြီးအနေနဲ့ တာဝန်ယူလုပ်ကိုင်ရတာဟာ မလွယ်ကူလှပါဘူး။ မိမိရွာပတ်ဝန်းကျင်မှာ သေနတ်သံမ ကြားဖို့ အစိုးရတပ်ရဲ့ ဖိအားပေးအကြပ်ကိုင်မှုကိုအမြဲတမ်းခံရပါတယ်။ အဲ့ဒါကြောင့် နော်မြအနေနဲ့ သူမရဲ့ရွာနားမှာ သေနတ်သံတွေမကြားရဖို့ အပြင်းအထန်သက်စွန့်ဆံဖျားကြိုးစားရပါတော့တယ်။
“ရွာနားမှာ သေနတ်သံကြားရင် သတ်ပစ်မယ်၊ တာဝန်ယူရမယ်လို့ (အစိုးရတပ်) တပ်ရင်းမှူးက အဲလိုပြောတော့ မပစ်ကြဖို့ သွားပြောတာ”လို့ သူမ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြန်ပြောင်း ပြောပြခဲ့တာပါ။
အထူးသဖြင့် အစိုးရတပ်တွေရွာနားကိုရောက်လာတဲ့အချိန်မှာ ရွာပတ်ဝန်းကျင်မှာ စခန်းချနေတဲ့ KNU တပ်သားတွေကို အပြေးအလွှားသွားပြီး ရှောင်တိမ်းပေးကြဖို့ တိုက်ပွဲဖြစ်အောင် မဖန်တီးကြဖို့ သွားပြီးမေတ္တာရပ်ခံရာရနေ အပစ်ခတ်ခံခဲ့ရ တာဖြစ်ပါတယ်။
နော်မြက အဲ့လိုအပြေးအလွှား မေတ္တာ သွားရပ်ခံချိန်မှာ အစိုးရတပ်ဖက်က ကျဉ်ဆံတွေက သူမဦးပြေးလွှားတဲ့ဘက်ဆီကို ဒလဟော ကျရောက်လာပါတော့တယ်။ နော်မြရဲ့ ညာဖက်လည်ဇောင်းမှာ ပူကနဲဖြစ်သွားတဲ့ ခံစားချက်နဲ့အတူ သူမ မြေပြင် ပေါ်မှာလဲကျသွားပါတယ်။ သေနတ်ကျဉ်ဆံဟာ သူမရဲ့ ဘယ်ဖက်လည်ဇောင်းကနေဖောက်ဝင်ပြီးတော့ ညာဖက် လည်ဇောင်းကနေ ဖောက်ထွက်ခဲ့ကာ အဲ့ဒီဒဏ်ရာကို ၅ လနီးပါး အချိန်ယူပြီးပြန်လည် ကုသခဲ့ရပါတယ်။
နော်မြရဲ့ ကြိုးစားမှုကြောင့် နော်မြအသတ်ခံရတဲ့ဘေးကနေ လွတ်မြောက်ခဲ့ပေမယ့် တစ်သက်လုံး မသန်စွမ်းဘဝကိုကျရောက်သွားပါတယ်။
သေနတ်ဒဏ်ရာကြောင့် ခြေထောက်နှစ်ဖက်လည်း မလှုပ်နိုင်တော့သလို လက်တစ်ဖက်လည်း အကြောဆွဲပြီး မသန်စွမ်းဘဝ ရောက်ခဲ့ရတယ်။
ဒါပေမယ့်လည်း နော်မြလက်မလျှော့လိုက်ပါဘူး။ မိမိလူမျိုးနဲ့ ဒေသကို အေးချမ်းစေချင်တဲ့ပြင်းပြတဲ့ စိတ်ဓာတ်ကြောင့် အစိုးရနဲ့ KNU အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့အထိ ရပ်ရွာတာဝန်များကို ထမ်းဆောင်ခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းရှိ ပဋိပက္ခဖြစ်ပွားတဲ့ကျေးရွာ အမြောက်အများမှာ အမျိုးသားများထက် အမျိုးသမီးတွေက ရွာသူကြီး အဖြစ်မလွှဲမသာတာဝန်ယူလုပ်ဆောင်ပေးရသလို အချို့ ရွာတွေမှာတော့ နှစ်ဖက်စစ်တပ်ဝင်တဲ့အချိန်မှာ အမျိုးသမီးတွေက ယာယီ ရွာသူကြီးအနေနဲ့ ဝင်လုပ်ပေးရတာလည်း ရှိခဲ့ပါတယ်။
ယခင်က နယ်မြေမငြိမ်သက်တဲ့အချိန်မှာ ဒီလိုရွာသူကြီး အလုပ်ကို တော်တန်ရုံ ဘယ်သူကမှ မလုပ်ချင်ကြပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အရင့်အရင်ရွာသူကြီးတွေအသတ်ခံရတာကို သူတို့တွေ့မြင် ကြုံတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။ ရွာသူကြီးလုပ်ဖို့ အားလုံးက အလွန်အမင်းကြောက်ရွံ့ကြပါတယ်။
ရွာသူကြီးအလုပ်ဆိုတာ အစိုးရ၊ မြန်မာတပ်မတော်ဖက်နဲ့ ဆက်ဆံရသလိုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့လည်း ကင်း လို့မရတဲ့ အခြေအနေမို့ ဆူးကြားက ဘူးခါး ဘဝလို့ ပြောရမှာပါ။ ဒီလိုအခြေအနေမှာ ပြောရဲဆိုရဲ ဖြစ်တဲ့ သတိရှိတဲ့ နော်မြကို ကိုယ့်ရပ်ကိုယ့်ရွာအတွက် အလုပ်လုပ်ပေးဖို့တစ်ရွာလုံးက ဝိုင်းဝန်းထောက်ခံပြီး ရွာသူကြီးတင်လိုက်ကြပါတယ်။
“အဘွားရွာသူကြီး လုပ်တော့ အဘွားရဲ့အမျိုးသားက ပေးမလုပ်ချင်ဘူး။ အန္တရာယ်များတယ်။ အဲဒီအချိန်မှာ အဘွား အသက် ၃၁ နှစ်ဘဲရှိသေးတယ်၊ အဘွားမလုပ်ပေးရင် ဘယ်သူမှ ရွာသူကြီးမလုပ်ရဲဘူးလေ။ အဘွားက မျက်စိ မှိတ်ပြီး လုပ်လိုက်တယ်” လို့ နော်မြက ရွာသူကြီးတာဝန်ကို မဖြစ်မနေယူခဲ့ရတဲ့ အခြေအနေကို ပြန်လည်ပြောပြပါတယ်။
ကလေး ၆ ယောက်မိခင် ဖြစ်ပေမယ့် သူကြီးတာဝန်ယူလိုက်ချိန်မှာတော့ သားသမီးအတွက်၊ ခင်ပွန်းသည်အတွက် အိမ်မှုကိစ္စတွေအတွက် အချိန်မပေးနိုင်တော့ဘဲ ကျေးရွာ လူထုကိုကာကွယ်ရင်း ကျည်ဆံကြားမှာလှုပ်ရှား ရုန်းကန်ရပါတော့တယ်။
ပေါ်တာအဆွဲခံရတဲ့ သူကြီးမ၊ ရွာထဲက အပြစ်မဲ့မျိုးသမီးတွေကို ကာကွယ်ပေးလို့ ပါးစပ်ထဲ လက်နက်ကြီးကျဉ်ဆံအထည့်ခံရပြီး အနှိပ်စက်ခံရတဲ့ သားသည်မိခင်သူကြီးမ
KNU ထိန်းချုပ်နယ်မြေ ခရိုင် ၇ ခုရှိတဲ့အနက် သထုံခရိုင် တပ်မဟာ ၁ နယ်မြေဟာ တည်နေရာအရ မြန်မာ့တပ်မတော် စစ်ကြောင်း သွားလာရလွယ်ကူတဲ့ဒေသဖြစ်သလို နယ်မြေမငြိမ်သက်တဲ့အချိန်မှာ ဒေသခံတွေအတွက် နယ်စပ်ကို ထွက်ပြေးခိုလှှုံဖို့ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
“အဘွားတို့ဒေသမှာက ဒုက္ခသည်စခန်းတွေမှာ သွားတာနည်းတယ်။ တိုက်ပွဲဖြစ်ရင်လဲ ရွာကို ချန်ထားပြီး မပြေးဘူး ။ ရွာမှာ လည်း စစ်တပ်ဝင်းရှိတယ်။ စစ်တပ်ဒဏ်ကိုလည်း ခံရတယ်။ ထွက်မပြေးကြဘူး။ ထွက်ပြေးလိုက်မယ်ဆိုရင် ရွာမှာ ပြန်ဝင်ဖို့လွယ်မှာ မဟုတ်တော့ဘူး။ ဒီလိုပဲ အနစ်နာခံပြီးနေရတာပဲ” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ရှိရာ ဒေသတွေကို စစ်ကြောင်းထွက်ရင် အမျိုးသမီးတွေကို အသုံးပြုပြီး အကာအ ကွယ်ယူတာတွေရှိခဲ့ ပါတယ်။ စစ်ကြောင်းသွားမယ့် လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း အမျိုးသမီးများကို ရှေ့ကနေ လမ်းကြောင်းရှင်းခိုင်းတာမျိုးလည်းရှိခဲ့တယ်လို့ သူကပြောပါတယ်။
“အဘွား ကလေးအငယ်ဆုံး အသက် ၅လ ရှိသေးတဲ့အချိန်မှာ စစ်ကြောင်းတက်ပြီး အဘွားပေါ်တာ သွားထမ်းရတယ်။ ရွာသူကြီးဖြစ်တော့ ဦးဆောင်ပြီးသွားရတယ်။ တစ်ညအိပ်ပြီးသွားရတဲ့အချိန်မှာ ကလေးနို့လည်း မတိုက်ရ၊ နို့အရမ်းတင်းပြီး မနေနိုင်တဲ့အထိခံရတယ်။ သူများဆိတ်အုပ်တွေ့တော့ ဆိတ်ကလေးကိုလိုက်ဖမ်းပြီး နို့ပေးစို့ရတယ် ” လို့ သားသည် မိခင်တစ်ယောက်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေကို ဖွင့်ဟပါတယ်။
ကရင်ပြည်နယ်က အခြားဒေသတွေမှာ ပွင့်လင်းရာသီဆို ဘုရားပွဲကျင်းပပြီး ပျော်ရွှင်နိုင်ကြပေမယ့် စစ်တ လင်းဖြစ်နေတဲ့အဘွား နော်မြတို့ရဲ့ဒေသမှာတော့ ပွင့်လင်းရာသီရောက်မှ စစ်ကြောင်းတွေ ချီတက်လာလေ့ရှိတဲ့အတွက် ပျော်ရွှင်မှုဆိုတာ ဘာလဲမေးခွန်းထုတ်စရာပါ။
“စစ်ကြောင်းက နွေရာသီ ရောက်မှကားနဲ့ တက်လာလို့ရတာကိုး။ အဲဒီအချိန်ရောက်ပြီးဆိုရင် အဘွားတို့က စစ်ကြောင်း အတွက် လမ်းဘေးနားမှာ လုံခြုံရေးကင်းသွားစောင့်ရတယ် ။ ပေါ်တာလိုက်ရတယ်။ အပျော်ဆိုလို့အဲဒါဘဲပေါ့ ”လို့ ကျီးခြေရာတွေ အထပ်ထပ်ဖြစ်နေတဲ့ အရောင်ခပ်မွဲမွဲမျက်ဝန်းတွေနဲ့ အဝေးကို ငေးမောရင်း ပြောပါတယ်။
သူမတာဝန်ယူနေစဉ်ကာလအတွင်း ရွာက အမျိုးသမီး ၃ ဦး အဖမ်းခံရတဲ့အတွက် ဖြေရှင်းဖို့ အစိုးရတပ်စခန်းကို သွားရောက် တဲ့အခါမှာတော့ သူရဲ့ လက်နှစ်ဖက်ကို ဖမ်းချည်ပြီး အစိုးရတပ် တပ်ရင်းမှူးရဲ့ စတင်စစ်ဆေးခြင်းကို ခံရပါတယ်။
“သူပုန်ဆီက ပြန်လာတယ်ဆိုပြီးဖမ်းထားတဲ့ ကလေးမ ၃ ယောက်က အမှန်တော့ ညနေစောင်း လယ်တောထဲကပြန်လာ တဲ့ လူတွေ၊ ကိုယ်ကသိတယ်။ မဟုတ်ဘူးဆိုတာလည်း ပြောပြတယ်။ ဒါကို ရွာသူကြီးဖြစ်ပြီးဘာမှမသိဘူး ဆိုပြီး အဘွားပါးစပ်ထဲမှာ “မောထကြီး (လက်နက်ကြီးကျည်ဆံ)တစ်လုံး ထည့်ထားလိုက်တယ် ။ အနောက်မှာ လက်ချည်ပြီး ဒူးထောက်ခိုင်းတယ် ။ စခန်းမှာတစ်ညလုံး အဲလိုပုံစံမျိုးနဲ့ဖမ်းထားတယ် ” လို့ သူ့ရဲ့ သူကြီးလုပ်ချိန်က အခက်အခဲတွေ စိန်ခေါ်မှုတွေကို ပြန်ပြောပြပါတယ်။
လက်နက်ကိုင်အဖွဲ့တွေကြားထဲက မြေစာပင်
၁၉၉၄ ခုနှစ်မှာ KNU ကနေ DKBA ( တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်) ဆိုပြီး ခွဲထွက်အဖွဲ့ ထပ်တိုး လာတဲ့နောက်ပိုင်းမှာတော့ မြန်မာတပ်မတော်၊ KNU၊ DKBA ဆိုတဲ့လက်နက်ကိုင် ၃ ဖွဲ့ကြားမှာ ဒေသခံတွေက ဖိုခနောက် ဆိုင် မီးဖိုပေါ်က ထမင်းအိုးလိုဖြစ်ခဲ့ရ။
“တစ်ဖွဲ့ကို ကူညီလိုက်တာနဲ့ ကျန်တဲ့နှစ်ဖွဲ့ကိုလည်းပေးရတာပဲ။ တို့ပြည်သူလူတွေကတော့ “စားစရာမရှိပေမယ့် ပေးစရာရှိတယ် ဆိုတဲ့အတိုင်းပေါ့” လို့ ရွာသူကြီး နော်မြက ဆိုပါတယ်။
ရွာသူကြီးတာဝန် ယူနေတဲ့ကာလတစ်လျှောက်မှာ နယ်မြေမငြိမ်းချမ်းသေးတာကြောင့် ကျေးရွာဖွံ့ဖြိုးရေးအပိုင်းကို မလုပ်ဆောင်နိုင်ပေမယ့်လည်း ကျေးရွာ ထိခိုက်နစ်နာစေမယ့် အခြေအနေတွေကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ အသက် ၅ဝ မှာ ရွာသူကြီးမ တာဝန်ကနေ နော်မြအနားယူခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ဒေသအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း ရပ်ရေး ရွာရေးအကျိုးပြုလုပ်ငန်းတွေမှာ အရေးကြီးအတိုင်ပင်ခံအကြံပေးပုဂ္ဂိုလ်အဖြစ် ယနေ့ထိ ဆက်လက် တာဝန်ယူနေ ဆဲပဲဖြစပါတယ်။
“ဒီအလုပ်တွေကနေ နားလည်းနားချင်ပြီ။ ဒါပေမယ့် နားလို့မရသေးဘူး။ တစ်ရွာလုံးက အဘွားကို အားကိုးနေတုန်းပဲ အားကိုးနေဆဲပဲ”လို့ သူမက ပြောပါတယ်။
သူမရဲ့နေဝင်ချိန်မတိုင်မီ ငြိမ်းချမ်းရေးရောင်ခြည်ဦးနဲ့ထိတွေ့ခွင့်ရပြီဆိုတဲ့ ရွာသူကြီးမ နော်မြ
သူ့သက်တမ်းတစ်ဝက်လောက်သာ လမ်းလျှောက်ခွင့်ရတဲ့ နော်မြဟာ စိတ်ဓာတ်ကျခြင်းမရှိဘဲ ၂၀၁၂ခုနှစ်၊ မြန်မာ့တပ်မ တော်နဲ့ KNU တို့ အပစ်ခတ်ရပ်စဲရေး မယူခင်အချိန်ထိ ဝှီးချဲ့ (တွန်းလည်း)နဲ့ သွားလာရင်း ရပ်ရေးရွာရေးနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့ပါတယ်။
သက်တမ်းရဲ့ သုံးပုံနှစ်ပုံလောက် ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ သေနတ်သံတွေကြားထဲမှာနေရတဲ့ နော်မြလို အမျိုးသမီးအတွက် ပထမဦးဆုံး ရရှိခဲ့တဲ့အခွင့်အရေးကတော့ ခုလို “ ငြိမ်းချမ်းရေးအတွက် အမျိုးသမီး” ဖိုရမ် တက်ခွင့်ရတာပါ။
သက်တမ်းတစ်လျှောက်မှာ စစ်ဒဏ်များကို ခံရပေမယ့်လည်း ရင်ထဲမှာ မြိုသိပ်ထားတာနှစ်ပေါင်းများစွာရှိနေပြီးဖြစ်သလို အခုလက်ရှိ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် များကို ဝေဖန်ပြောဆိုရဲတဲ့ အမျိုးသမီးဖိုရမ်ထဲက အမျိုးသမီးထုကြီးတွေကိုလည်း ချီးကျူးမိတယ်လို့လည်း အဘွားက ပြောလိုက်ပါသေးတယ်။
ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်မှာ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ပြည်တွင်းစစ်ပြေးရှောင်များနဲ့ စစ်ဘေးဒုက္ခသည်များအား အကာကွယ်ပေးရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပျောက်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် အမျိုးသမီးများအရေးအပါအဝင် အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးအကြောင်းအရာများကို တက်ရောက်လာတဲ့ အမျိုးသမီးကိုယ်စားလှယ်တွေရဲ့ စွမ်းစွမ်းတမံ အားကြိုးမာန်တက်ဆွေးနွေး အခုလို မျက်မြင် ကိုယ်တွေ့ရတဲ့အတွက် ဝမ်းသာမဆုံးဖြစ်ရပါတယ်လို့ နော်မြက ပြောပါတယ်။
“ဒီလိုလာတွေ့ရတာ အင်မတန်မှ စိတ်ချမ်းသာတယ်။ ဒီမှာလာရတာ ဝမ်းလည်း ဝမ်းသာတယ်။ ဒီကိုခေါ်လာတဲ့ ဆရာမတွေ ကိုလည်း ကျေးဇူးလည်းတင်တယ်။ အဘွားတို့ နေတဲ့ နေရာဟာ စစ်ပြေးတဲ့ ဒုက္ခသည်ထက်တောင် ဆိုးတယ်။ ဟိုဘက်က ကြောက်ရ။ ဒီဘက်ကကြောက်ရ။ အဲလိုနေလာခဲ့ရတာ ဒီလိုမျိုးတွေ့ရတာကတော့ စိတ်အားထက်သန်တာပေါ။့ အရင်တုန်း ကဆို ဒီလိုမှ မသွားရမလာရ မမြင်ရတာလေ”