Home သတင်း ဘုံစာ‌ပေတစ်ခု ထားရှိ‌ရေး အ‌လေးအနက်ထားရန် သထုံမြို့နယ် စာယဉ် ဥက္ကဌ ‌ပြောဆို

ဘုံစာ‌ပေတစ်ခု ထားရှိ‌ရေး အ‌လေးအနက်ထားရန် သထုံမြို့နယ် စာယဉ် ဥက္ကဌ ‌ပြောဆို

2252

ဧပြီ ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

များပြားလှသည့် ကရင်စာ‌ပေများရှိသည့်အတွက် အားလုံးသင်ကြားနိုင်ရန် အခက်အခဲ ရှိ‌သော‌ကြောင့် ကရင်ဘုံစာ‌ပေထားရှိ‌ရေး အ‌လေးအနက်ထားရန် သထုံမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စောစံတင်က ဧပြီ ၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် သထုံမြို့နယ် ကျို‌က္ကော်ရှိ ဓမ္မဒူတသုခိတာရုံ‌ကျောင်းတိုက်၌ ပြုလုပ်သည့် တတိယအကြိမ်‌မြောက် (ဗုဒ္ဓ)စ‌ကောကရင်စာ‌ပေ ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲတွင် သထုံမြို့နယ် စာ/ယဉ် ဥက္ကဌ ‌စောစံတင်က ‌ကေအိုင်စီမှ ‌မေးမြန်းခဲ့ရာ ထိုသို့ ‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျ‌နော်အ‌နေနဲ့ ကရင်အားလုံး လက်ခံနိုင်‌လောက်တဲ့ ကရင်ဘုံစာ‌ပေတစ်ခု ရှိဖို့ လိုချင်တယ်။ ဘုံစာ‌ပေတစ်ခု ထားပြီး အစိုးရကို တင်မယ်။ ပြီးရင် ရုံးသုံးအ‌နေနဲ့ အစိုးရ‌ကျောင်းမှာ ပြန်သင်‌ပေါ့။ ကျန်သင်ကြားလျှက်ရှိတဲ့ အခြားကရင်စာ‌တွေ သက်ဆိုင်ရာ ‌ဒေသအလိုက် သင်ကြားချင်ရင်လည်း သင်ကြ‌ပေါ့”ဟု ‌စောစံတင်က ‌ပြောဆို သည်။

လက်ရှိ ကရင်လူမျိုးတွင် အ‌ရှေ့ ပိုးကရင် စာ‌ပေ၊ အ‌နောက်ပိုးကရင် စာ‌ပေ၊ စ‌ကောကရင်စာ‌ပေ၊ ‌လေကွယ် ‌ကော်စာ‌ပေ၊ လဲကယ်စာ‌ပေ စသည့် အမျိုးမျိုး ရှိသည့်အတွက် သင်ရိုးညွှန်းတမ်းအဖြစ် သတ်မှတ်သည့်အခါ အတည်တကျ သင်ကြားရန် အခက်အခဲရှိသလို အချင်းချင်းများအကြား စည်းလုံးညီညွတ်မှု အားနည်း‌စေ သည်ဟုလည်း ၎င်းက ဆိုသည်။

ဓမ္မဒူတသုခိတာရုံ‌ကျောင်းတိုက်၌ ဆယ်ရက်ကြာ ပြုလုပ်သည့် အဆိုပါ စာ‌ပေသင်တန်းတွင် ကရင်ပြည်နယ်ရှိ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ဖားအံ၊ ဖာပွန်၊ ကမ‌မောင်း၊ လှိုင်းဘွဲ၊ ပိုင်ကျုံနှင့် မွန်ပြည်နယ်ရှိ ‌ရေး၊ သံဖြူဇရပ်၊ ‌ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်ထို စသည့် မြို့နယ်များအတွင်းမှ သင်တန်းသား/သူ ၃၀ဝ နီးပါး တက်‌ရောက်ခဲ့ကြပြီး နည်းပြဆရာ/မ ၂၇ ဦးဖြင့် သင်ကြားခဲ့ခြင်းဖြစ်သည်။

ယခု စာ‌ပေသင်တန်းဆင်းပွဲသို့ တက်‌ရောက်သည့် ဝါ‌တော် ၄၅ ဝါရှိ ‌ထောင်မှူးဆရာ‌တော် ဦး‌ကောဝိဒက “စာ‌ပေ တတ်‌မြောက်မှု မရှိတဲ့ နိမ့်ကျ‌နေတဲ့ ကရင်‌တွေအတွက် သူတို့‌တွေ အရည်အ‌သွေး မြှင့်တင်ဖို့ ရည်ရွယ်ပြီး ဘုန်းကြီးတို့က အခုလို သင်တန်း‌တွေ ကျင်းပပြီး သင်ကြားတာ ဖြစ်ပါတယ်။ အခုလို သွားလာ‌ရေး လွတ်လပ်လာတဲ့ အချိန်မှာ ဘုန်းကြီးတို့ သင်တန်းကလည်း ပိုပြီး အား‌ကောင်းလာတယ်”ဟု ‌ပြောသည်။

(ဗုဒ္ဓ)စ‌ကောကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး သံဃာအဖွဲ့မှ ဦး‌ဆောင်စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခု တတိယအကြိမ်‌မြောက် ကရင်စာ‌ပေ ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲတွင် သံဃာ‌တော်အပါအဝင် သင်တန်းသား/သူများ၊ နည်းပြဆရာ/မများ၊ အစိုးရ တာဝန်ရှိသူများနှင့် ဧည့်ပရိဿတ်များ စုစု‌ပေါင်း ၇၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်။

အလားတူ သင်တန်းကို မြိုင်ကြီးငူတွင် ပထမအကြိမ် နှင့် ‌ထောင်မူးတို့တွင် ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့ပြီဖြစ်သည်။