မတ် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ နန်းဝေဖြိုးဇာ
မြန်မာနိုင်ငံ ဖက်ဒရယ်စနစ် ဖော်ဆောင်မှုမရသေးသမျှ ကာလအတွင်း တိုင်းရင်းသားဒေသ ပဋိပက္ခဇုန်အတွင်း တည် ဆောက်မည့်ရေကာတာ စီမံကိန်းများကို ရပ်ဆိုင်းထားရန် မြန်မာမြစ်ချောင်းဆိုင်ရာကွန်ရက် (BRN)၊ သံ လွင်ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာကွန်ရက်နှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်အလုပ်အဖွဲ့ (BEWG) တို့မှ မတ် ၁၄ ရက်နေ့တွင် ကြေ ငြာချက်တစ်စောင်ထုတ်ပြန်တောင်းဆို လိုက်သည်။
တိုင်းရင်းသားလူထုများမှ သဘာဝအရင်းအမြစ်များကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိသေးသည့် ကာလတွင် အစိုးရ အနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ တည်ဆောက်နေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေ နိုင်သောကြောင့် ရပ်ဆိုင်းထားရန် မတ် ၁၄ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းများအတွက် နိုင်ငံ တကာ လှုပ်ရှားမှုနေ့တွင် ယခုလို ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်ဟု မြန်မာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အ လုပ်အဖွဲ့မှ စိုင်းခေးဆိုင်က ပြောသည်။
၎င်းက“ ပြန်ကြည့်ရင် အကြီးစားရေအားလျှပ်စစ်စီမံကိန်း လုပ်မဲ့နေရာအားလုံးမှာ ပဋိပက္ခဖြစ်နေတယ်။ စီမံကိန်း အားလုုံးကို EIA ၊ SIA လုပ်ပြီးတာတွေရှိတယ်။ ဥပမာ အထက်ပေါင်းလောင်းဆို ပြီးသွားပြီး။ ထိခိုက်နစ်နာ သူ တွေကို လျော်ကြေးပေးတယ်။ အဲဒီလျော်ကြေးတွေက ပဋိပက္ခဖြစ်တဲ့ လျော်ကြေးတွေ ဖြစ်တယ်။ တချို့ဆို စီမံ ကိန်းနေရာမှာ ပဋိပက္ခဖြစ်လာလို့ နေရပ်စွန့်ခွာရတဲ့ ဒေသခံတွေရှိနေသေးတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမပြီးသေးခင် ဖက်ဒရယ်မရတဲ့ ကာလပတ်လုံးရပ်ထားဖို့ တောင်းဆိုထားတာ ဖြစ်တယ်” ဟု စိုင်းခေး ဆိုင်က ကေအိုင်စီသို့ ပြောသည်။
မတ် ၁၄ ရက်တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းများနေ့တွင် နိုင်ငံတစ်ဝှမ်းမှ ရေကာတာဆန့်ကျင် သူ များစုစည်းပြီး မြန်မာနိုင်ငံ ပဋိပက္ခဇုန်အတွင်း ရေကာတာ တည်ဆောက်မည့် စီမံကိန်းများကို ဆန့်ကျင်ဆန္ဒ ထုတ်ဖော်ပွဲကို မော်လမြိုင်မြို့ကမ်းနားလမ်းတွင် လူထုုနှစ်ရာကျော်ပါဝင် ပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည် နယ်နှင့် ကချင်ပြည်နယ်ရှိ အချို့နေရာတွင်လည်း ဆန့်ကျင်ပွဲ အခမ်းအနားများ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်တာဝန်ခံ မိအားချိုင်းက “ရေကာတာဟာ ပဋိပက္ခဖြစ်ဖို့ မီးရှိန်မြင့် တင်ပေးသလို လူ့အခွင့်အရေးချိုးဖောက်ခြင်းများ၊ ထွက်ပြေးတိမ်းရှောင်ရမှုများနဲ့ ဒေသခံ ပြည်သူများရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အရင်းအမြစ်များကို ဖျက်ဆီး ဆုံးရှှုံးစေပါတယ်” ဟု ပြောသည်။
မြန်မာ့စွမ်းအင် မာစတာအစီအစဉ်တွင် ရေကာတာပေါင်း ၅ဝ ကျော်ကို ၂၀၃ဝ ခုနှစ်ထိ တည်ဆောက်သွားရန် ချမှတ်ထားပြီး လျှပ်စစ်ဓာတ်အား ၃,၀၀ဝ မီကာဝပ်မှ ၄၆,၀၀ဝ မီကာဝပ်အထိ ထုတ်လုပ်သွားမည် ဖြစ်ကာ စုစုပေါင်း လျှပ်စစ်ဓါတ်အား ၄ ပုံ ၃ ပုံကို အိမ်နီးချင်းနိုင်ငံများသို့ ပေးပို့သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေအားလျှပ်စစ်ရေကာတာ စီမံကိန်းများကို သံလွင်မြစ်၊ ဧရာဝတီမြစ်၊ မြစ်ဆုံ၊ ရွှေလီမြစ်နှင့် နမ္မတူမြစ်ပေါ်တို့ တွင် တည်ဆောက်ရန်စီစဉ်နေပြီး အဆိုပါ စီမံကိန်းတည်ဆောက်မည့် ဧရိယာအတွင်း အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ပိုမိုဖြစ်ပွားနေသည်ဟု မြန်မာနိုင်ငံမြစ်ချောင်းများ ကွန်ရက်က ပြောဆိုသည်။



















